Pages

Sunday, December 21, 2014

ဒါနမြောက်အောင် ပေးပါ

 

ဒါနဆိုတာ ပေးကမ်းခြင်းကို ပြောတာဖြစ်ပါတယ်။ သဒ္ဓါတရား အားနည်းလို့ မပေးလိုမကမ်းလိုတဲ့ လူတွေရှိတတ်ပေမယ့် အတော်များများက ရှိရင်ပေးတတ်ကြတဲ့ သူတွေများပါတယ်။ သူများတွေကို ပေးဖို့သဘောမကျတဲ့ သူတွေဖြစ်စေဦးတော့ ကိုယ့်မိဘ၊ မိသားစု၊ ဆွေမျိုးစတဲ့သူတွေ အပေါ်မှာတော့ လိုအပ်ရင် လိုအပ်သလို၊ ရှိရင်ရှိသလို ပေးတတ်ပါတယ်။ အဲဒီလို ပေးတဲ့အခါ သဒ္ဓါတရားကောင်းလို့ စေတနာပြတ်ပြီး ပေးလိုက်ကြတဲ့ အပေါ်မှာ အထွေအထူး ပြောစရာမရှိပေမယ့် မဖြစ်မနေ ပေးနေရတဲ့အပေါ်၊ ဝတ္တရားအရ ပေးနေရတဲ့အပေါ်၊ င့ါမိဘ၊ ငါ့မိသားစုဆိုတဲ့ အသိတွေကြောင့် ပေးနေရတဲ့ အပေါ်တွေမှာ ပြောစရာလေးတွေက ရှိလာပါတယ်။

ပေးချင်လို့ ပေးတာပဲ ဖြစ်ဖြစ်၊ တာဝန်ဝတ္တရား အရပေးတာပဲ ဖြစ်ဖြစ်၊ သဒ္ဓါပေါက်လို့ ပေးတာပဲ ဖြစ်ဖြစ်၊ ဘယ်လိုပဲ ပေးပေး ပေးတယ်ဆိုတာ ဒါနကုသိုလ်ပါပဲ။ ဒါပေမယ့် အဲဒီပေးတဲ့အပေါ်မှာ ပေးတဲ့သူရဲ့ စေတနာကိုလိုက်ပြီး ဒါနမြောက်၊ မမြောက်တော့ ကွာခြားပါတယ်။ စေတနာကောင်းနဲ့ပေးရင် ကုသိုလ်ရပေမယ့် ပေးတဲ့အပေါ်မှာ တဏှာနဲ့ မပေးမိကြဖို့တော့ အထူးသတိပြု ဆင်ခြင်ကြဖို့ လိုပါတယ်။ တဏှာမကပ်တဲ့ ဒါနသက်သက်ပေးခြင်းမျိုးနဲ့ ပေးနိုင်အောင် ကြိုးစားပြီး ဒါနမြောက်အောင် လေ့ကျင့်သင့်ပါတယ်။

လူဆိုတာက ငါစွဲလေးတွေ မကင်းသေးတော့ ပေးတာချင်းအတူတူ ငါနဲ့ပတ်သက်တဲ့ သူတွေကိုပဲ ပေးချင်တတ်ကြတာ သဘာဝပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ငါ့အဖေအတွက်၊ ငါ့အမေအတွက်၊ ငါ့မိသားစုအတွက်၊ ငါ့ဆွေမျိုးအတွက် စသဖြင့် ငါလေးတွေ ဦးစီးပြီး ပေးတတ်ကြခြင်း ဖြစ်ပါတယ်။ အဲဒီလို ပေးတာလည်း ဒါနရဲ့ပေးကမ်းခြင်း သဘောပဲ ဖြစ်ပေမယ့် ပေးတဲ့အပေါ်မှာ ငါဆိုတဲ့ တဏှာက ဦးစီးထားတာဆိုတော့ ဒါနမြောက်မှုထက် တဏှာရဲ့ ချယ်လှယ်မှုနောက်ကို ရောက်သွားတတ်တဲ့ သဘောက ပိုများတတ်ပါတယ်။ ဒါကြောင့်လည်း တစ်ခါတလေ "ငါဒီလောက်ပေးနေတာတောင် ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုတဲ့ စိတ်ကွက်မှုတွေ၊ ငါပေးထားတာတွေကို ဘာလုပ်ပြစ်တယ်၊ ညာလုပ်ပြစ်တယ်" ဆိုတာတွေ ဖြစ်လာပြီး ပေးတာကို အကြောင်းပြုလို့ စိတ်မကောင်းဖြစ်ရတာနဲ့၊ စိတ်အခန့်မသင့် ဖြစ်ရတာနဲ့၊ မပေးတာပဲ ကောင်းပါတယ်ဆိုတဲ့ စိတ်စေတနာ ပျက်မှုတွေ ဖြစ်ရတာနဲ့ စသဖြင့် စိတ်အမျိုးမျိုး ဖြစ်ကြရခြင်း ဖြစ်ပါတယ်။ ပေးပေမယ့် စေတနာမပြတ်တာရယ်၊ ငါဆိုတဲ့ တဏှာလေးတွေက ကပ်နေတာတွေရယ်ကြောင့် ပေးခြင်းရဲ့ နောက်မှာ အပြစ်လေးတွေ ရောက်သွားတတ်တာလေးတွေ ရှိတတ်ကြခြင်း ဖြစ်ပါတယ်။

တကယ်တော့ မိဘ၊ ဆရာသမား၊ မိသားစု၊ ဆွေမျိုးစတာတွေဟာ ကိုယ်တတ်နိုင်ရင် ပေးချင်လို့ပဲဖြစ်ဖြစ် ဝတ္တရားအရပဲ ဖြစ်ဖြစ် ပေးတာတော့ ပေးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလို ပေးတဲ့အခါမှာတော့ ငါစွဲလေးတွေကိုဖြုတ်ပြီး ပြတ်သားတဲ့ စေတနာသက်သက်နဲ့ တဏှာမကပ်ဘဲ ပေးနိုင်အောင် ကြိုးစားမယ်ဆိုရင် ကုန်သွားတာချင်း အတူတူ ဒါနအားက အများကြီး တာသွားတာကို သတိပြုမိဖို့ လိုပါတယ်။ အပေးတတ်ရင် သားသမီးဝတ္တရားကို ဖြည့်နေရင်း၊ မိဘဝတ္တရားကို ဖြည့်ဆည်းပေးရင်းနဲ့ကိုပဲ ဒါနမြောက်နေတယ်ဆိုတာ မမေ့ကြဖို့ လိုပါတယ်။

ဟုတ်ပါတယ်။ အဖေတို့အမေတို့ကို ပေးတာ၊ မိသားစုကိုကျွေးတာ၊ ဆွေမျိုးတွေကို ထောက်ပံ့တာ စတာတွေဟာ အပေးတတ်ရင် ဒါနလုပ်နေကြတာပဲ ဖြစ်ပါတယ်။ ငါစွဲလေးတွေကပ်ထားတဲ့ တဏှာလေးတွေကို ခွါပြီး မျှော်လင့်ချက်ကင်းတဲ့ ပြတ်သားတဲ့ စေတနာလေးတွေနဲ့ တတ်နိုင်သလောက် ပေးနိုင်ကြမယ်ဆိုရင် သားသမီးဝတ္တရားကို ဖြည့်ရင်း၊ မိဘဝတ္တရားအရ စောင့်ရှောက်ပေးရင်းနဲ့ကိုပဲ အထွေအထူး အလှူပွဲကြီး မလုပ်ရဘဲ ဒါနမြောက်နေကြတာ ဖြစ်ပါတယ်။ ဆိုတော့ကား မိဘမိသားစု စတာတွေကို ထောက်ပံ့ပေးကမ်း နေတာတွေဟာ ကုသိုလ်မရဘူးလားဆိုတော့ ရပါတယ်။ ရပေမယ့် ငါလေးတွေ၊ မျှော်လင့်ချက်လေးတွေ၊ စေတနာ မပြတ်တာလေးတွေက ပါနေတတ်ကြတော့ ပေးပေမယ့် ဒါနရဲ့အားတွေ၊ ဒါနမြောက်မှုတွေ၊ ဒါနရဲ့ ထောက်ပံ့မှုသဘောလေးတွေ တစ်ခါတလေ ပျောက်နေတတ်တဲ့ အဖြစ်လေးတွေကို သတိပြုမိစေချင်တာ ဖြစ်ပါတယ်။

ဆိုလိုတာက ပေးတယ်ဆိုတာ ဘယ်သူ့ကိုပဲ ပေးပေး စေတနာပြတ်ပြီး တဏှာမကပ်ရင် ဒါနတွေ မြောက်နေတာ ဖြစ်တဲ့အတွက် ဝတ္တရားအရ ပေးရတာပဲ ဖြစ်ဖြစ်၊ ပတ်ဝန်းကျင်ကြောင့် ပေးရတာပဲ ဖြစ်ဖြစ်၊ မလွန်ဆန်နိုင်လို့ ပေးရတာပဲ ဖြစ်ဖြစ်၊ ပိုလျှံနေလို့ ပေးရတာပဲ ဖြစ်ဖြစ်၊ ကျေးဇူးဆပ်တဲ့ အနေနဲ့ ပေးကြတာပဲ ဖြစ်ဖြစ် ဘယ်လိုပဲ ပေးပေး ပေးလို့ကုန်သွားတာချင်း အတူတူ "ငါမိုလို့ ပေးနိုင်တာ၊ ငါ့မိဘ၊ ငါ့မိသားစု၊ ငါ့ဆွေးမျိုးစတာတွေ ဖြစ်လို့ ငါပေးတာ၊ ငါပေးတဲ့အရာတွေကို ငါဖြစ်စေချင်သလို ဖြစ်ကိုဖြစ်ရမှာ" စတဲ့ ပေးကမ်းမှုနောက်မှာ ဖြစ်ပေါ်တတ်တဲ့ တဏှာလေးတွေ၊ စေတနာမပြတ်မှုလေးတွေ၊ မျှော်လင့်ချက်ထားတာလေးတွေကို ခွာပြီး ပြတ်သားတဲ့ သဒ္ဓါတရားနဲ့ စေတနာအပြည့်ထားကာ ဒါနမြောက်အောင် ပေးကြည့်ကြဖို့ ဆိုလိုတာ ဖြစ်ပါတယ်။ အဲဒီလိုငါတွေကိုခွာပြီး တဏှာမပါဘူးဆိုရင် မိဘကိုပေးနေတာ၊ မိသားစုကို ကျွေးနေတာ၊ ဆွေးမျိုးတွေကို ထောက်ပံ့နေတာ စတာတွေဟာ နည်းတာများတာ ပဓာနမကျဘဲ ဒါနလေးတွေ မြောက်နေကြတယ်ဆိုတာ သိစေချင်တာ ဖြစ်ပါတယ်။

ဒါကြောင့် ပေးတာချင်းအတူတူ အပေးမတတ်ရင် တဏှာကပ်တတ်ပြီး အပေးတတ်ရင် ဒါနအမြတ်တွေ ဖြစ်တတ်တဲ့အတွက် ဘယ်လိုအကြောင်းကြောင့်ပဲ ပေးပေး၊ ဘယ်သူ့ကိုပဲ ပေးပေး ပေးတဲ့အခါမှာ ငါလေးတွေ၊ တဏှာလေးတွေကို ခွာပြီး အားကြီးတဲ့ သဒ္ဓါ၊ ပြတ်သားတဲ့ စေတနာ၊ မျှော်လင့်ချက်ကင်းတဲ့ ဘာဝနာတွေနဲ့ ပေးနိုင်အောင် ကြိုးစားရင်း ပေးလိုက်ရတဲ့အလျောက် ဒါနမြောက်အောင်သာ ပေးကြဖို့ အသိပေးတိုက်တွန်း လိုက်ရပါတယ်။

မနာပဒါယီ အရှင်ဝိစိတ္တ

အဂ္ဂိရတ်ပညာကို ရဟန်းတော်များ လိုက်စားသင့်၊ မလိုက်စားသင့်

 

"နောက်ဆုံးအမေးက အဂ္ဂိရက်ပညာကို ရဟန်းတော်များ လိုက်စားသင့်သလား၊မလိုက်စားသင့်ဘူးလားတဲ့၊ ဟုတ်လား"

          "ဟုတ်ပါတယ်ဘုရား"

          "အဂ္ဂိရတ်ဆိုတာ ဖိုထိုးတဲ့ပညာ၊ မီးကစားတဲ့ပညာပေါ့ကွယ်၊ ဒီပညာဟာ ဘယ်ခေတ် ဘယ်အခါက မြန်မာနိုင်ငံအတွင်း တိုးဝင်လာတယ် မသိဘူး၊ အိန္ဒိနိုင်ငံဘယ်အခါက မြန်မာနိုင်ငံအတွင်း တိုးဝင်လာတယ် မသိဘူး၊ အိန္ဒိနိုင်ငံ သီရိဓမ္မာသောကမင်းလက်ထက်သာသနာတော် ၃၀၀-နှစ်လောက်မှာ သီရိဓမ္မာသောကမင်းကြီးက ဗုဒ္ဓဘာသာကို အားပေးတော့ ဗုဒ္ဓဘာသာဝင်ရဟန်းတော်များ အလွန် လာဘ်လာဘ ပေါများခဲ့တယ်၊ အဲဒီ ခေတ်မှာ ဘုရင်ရဲ့အားပေးခြင်းကို မခံရတဲ့တန္တရ၊ မန္တရ အတတ်ပညာရှင် တိတ္ထိတွေဟာ လာဘ်လာဘအတွက်ကြောင့် သာသနာတော်အတွင်းလှိမ့်ဝင်လာကြတယ်၊အဲဒီ ပုဂ္ဂိုလ်တွေရဲ့ ဖိုထိုး၊ ဆေးကု၊ ဗေဒင်ဟော၊ ဓာတ်ရိုက်၊ ဓာတ်ဆင် နတ်သွင်းစတဲ့ လောကီတိရစ္ဆာနအတတ်တွေဟာ သူတို့နှင့် အတူ သာသနာတော်အတွင်း ဝင်ရောက်လာကြတယ်၊ နောင်အခါ ဝင်ရောက်လာကြတဲ့တိတ္ထိများရဲ့ အယူဝါဒကို စစ်ဆေးပြီး ဗုဒ္ဓရဲ့ အယူ မဟုတ်တဲ့ အချို့သော ရဟန်းတော်များကိုသာသနာတော်ဟာ အဝတ်ဖြူလဲပြီး နှင်ထုတ်လိုက်သော်လည်း သူတို့ရဲ့ တိရစ္ဆာန်အတတ်တွေဟာ သာသနာတော်အတွင်းမှာယနေ့အထိ တင်ကျန်ရစ်တယ်။

          အဂ္ဂိရတ်အတတ်ဟာလည်း အဲဒီတုန်းက အတတ်တစ်ခုလို့ထင်တယ်ကွယ့်၊ ဒီ ဗေဒင်အတတ်၊ အဂ္ဂိရတ်အတတ်တွေဟာ မဂ်ဖိုလ်မှ ဖီလာဖြစ်လို့ (တိရစ္ဆာနအတတ်)ဆိုသော်လည်းပေါ့ပေါ့အတတ်တွေ မဟုတ်ဘူး၊ အလွန် ခက်ခဲ နက်နဲတဲ့ အတတ်တွေဖြစ်တယ်၊ အဂ္ဂိရတ်ပညာဟာ ဘယ်လောက်ခက်ခဲတယ် နက်နဲတယ် ဆိုတာကို မန်လည်ဆရာတော်ဘုရားက မဃဒေဝလင်္ကာသစ် ပုဒ်ရေ ၂၅၉-မှာ ဒီလိုရေးထားခဲ့တယ်ကွယ့်"

          "မိန့်တော်မူပါဘုရား"

          ရှေးကပုည၊ကြီးလှထူးဘိ၊ ရှိသူတို့သာ၊ ပြီးနိုင်ရာသား၊ မဟာဂန္ဓာရ၊ ဗြဟ္မာစာရီ၊ ဗေရာဂီနှင့်၊ လောကီမုနိ၊ကဝိကဝေ၊ တိဟိတ်နေတို့၊ ထားပေခဲ့ငြား၊ ပြဒါးသံသတ်၊ အဂ္ဂိရတ်ဟု၊ အတတ်သိမ်မွေ့၊ လွန်ကောက်ကွေ့သား၊ခြင်္သေ့ထီးဆောင်း၊ အပေါင်းဝင်ရာ၊ ဥသာ စိန်ပန်း၊ ဒန်းလှကိုရှာ၊ နံသင့်ရာနှစ်၊ အက္ခရာလေးခု၊ဂြိုဟ်ပေါင်းစုဖြင့်၊ စတုပညာ၊ သင်္ချာအရ၊ သြသဓမျိုး၊ ဆေးရိုးအချုပ်၊ အလုပ်အချိန်၊ ဆတ္တိံတြင်း၊ နဝင်းနက္ခတ်၊ လေးပါးဓာတ်က၊ ပါဒ်တစ်ရာ့ရှစ်၊ တွက်စစ်ဓာတ်ပေါင်း၊ စသည်ဖြင့်  ရေးသားတော်မူခဲ့တယ်။

          အဂ္ဂိရတ်အတတ်ဟာ ရှေးက ကောင်းမှုကုသိုလ် အထောက်အပံ့ကြီးမားတဲ့ဂန္ဓာရီ ရသေ့ကြီးတွေ စီရင်ထားခဲ့တဲ့ အတတ်မို့ အလွန် ခက်ခဲတဲ့အတက် ဖြစ်တယ်လို့ ရေးသားတော်မူခဲ့တယ်။

          ဒီလောက် လျှို့ဝှက် ခဲကပ်တဲ့အတ်ကို ဟိုရှေးရှေးကစပြီး ယနေ့အထိ ရဟန်းတော် အတော်များများ လိုက်စားခဲ့ကြတယ်၊ ရဟန်းတော်တွေကို အမှီပြုပြီးလူသားတွေလည်း လိုက်စား ဖိုထိုးနေကြတယ်၊ ဒီ အဂ္ဂိရတ်သမားဟာ ဘာကိုလိုလို့ ဒီအတတ် လိုက်စားသလဲလို့တွေးကြည့်လိုက်တော့ အဂ္ဂိရတ်သမား ၃-မျိုးကို မြင်မိတယ်ကွယ့်။

          "ဘယ်လို သုံးမျိုးပါလဲဘုရား"

          ပထမ အဂ္ဂိရတ်ဆရာက ရွှေဖြစ် ငွေဖြေစ်ပေါ့၊ အဂ္ဂိရတ်အတတ်ပေါက်မြောက်ခဲ့လျှင် ရွှေလုပ်ငွေလုပ်လို့ ရတယ်လို့ ယူဆတယ်၊ ဒါကြောင့် ရွှေငွေဖြစ်ပြီးသူဌေးကြီးဖြစ်အောင် အဂ္ဂိရတ်ထိုးတဲ့လူက တစ်ယောက်ကွယ့်။

          ဒုတိယ အဂ္ဂိရတ်သမားက ရွှေငွေကို မရည်ရွယ်ဘူး၊ရေ, မြေ, လေ, မီး ဓာတ်ကြီးလေးပါးရဲ့ သဘာဝကို အောင်နိုင်ဖို့ ရည်ရွယ်တယ်၊ သူရဲ့ သဘောဟာလောကိကို တေဇောဆိုတဲ့မီးက ဆောင်တယ်၊  မီးကြောင့်လေဖြစ်တယ်၊ မီးကြောင့် ကမ္ဘာကြီး ပျက်စီးနိုင်တယ်၊ ရေတွေ ခန်းခြောက်နိုင်တယ်၊ လူတစ်ယောက်ဟာ တေဇောဆိုတဲ့ မီးဓာတ် ကိုယ်အားရှိနေသမျှကျန်းမာတယ်၊ မီးဓာတ်အင်အား လျော့ပါးလျှင် လျော့ပါးသလောက်  ကျန်းမာရေးက ချို့ယွင်းလာတယ်၊ ဒါကြောင့် မီးဓာတ်မီးနေကို အားထုတ်လျှင် ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော ဆိုတဲ့ ဓာတ်သဘော နားလည်လာမယ်၊ ဓာတ်သဘောကိုနားလည်သလောက် ပိုတဲ့ဓာတ်အားကို လျှော့၊ လိုတဲ့ ဓာတ်အားကိုသွင်းပြီး ဓာတ်သဘာဝ အမျိုးမျိုးကိုကစားနိုင်မယ်လို့ ယူဆပြီး ဖိုထိုးတယ်။

          တတိယ အဂ္ဂိရတ်သမားက ရွှေငွေလည်း မလိုဘူး၊ ဓာတ်နားလည်တဲ့ဆေးဆရာလည်း မလုပ်လိုဘူး၊ သူက မြေလျှိုး မိုးပျံတဲ့ ဝိဇ္ဇာဓိုရ်ကြီးသာ ဖြစ်ချင်တယ်၊ အဲဒီရည်ရွယ်ချက်နှင့် ဖိုထိုးတယ်၊ ဒီသုံးမျိုးမှတစ်ပါး ဘာမျှလည်း မလိုချင်၊ ဘာမျှလည်း မဖြစ်ချင်၊အပျော်တမ်းသက်သက် ဖိုထူးသူလည်း ရှိသေးသကွယ့်။

          ထီးချိုင့်မြောက်ပြင် လေသာကုန်းကျောင်း ဆရာတော်ကြီးဟာဦးဉာဏိန္ဒတဲ့၊ ယခုတော့ ပျံလွန်တော်မူပါပြီ၊ လေသာကုန်းဆရာတော်ကြီး သက်တော်ထင်ရှားရှိစဉ်ကသူ့အကြောင်း အမိန့်ရှိသွားဖူးတယ်ကွယ့်။

          သူဟာ ငယ်ဖြူစစ်စစ်ပါပဲ၊ ကျောင်းထိုင်တော့လည်းသိပ်မကြီးသေးဘူးတဲ့၊ကျောင်းမှာ ကျောင်းသား သာမဏေ ရဟန်းတပည့်တွေလည်း အလွန်ပေါပါတယ်၊ တတ်နိုင်သလောက်လည်းစာဝါပို့ချ ပေးပါတယ်၊  သက်တော် ၄၅-နှစ်၊ သိက္ခာတော်၂၅-ဝါအရမှာ နေရင်းထိုင်ရင်း ပျင်းခြောက်လာခဲ့သတဲ့၊ ငါဟာ အသက်လည်းကြီးပြီ၊ ပြီးတော့ကျန်းမာ  သန်စွမ်းသူလည်း မဟုတ်ဘူး၊ လူ့ဘဝကိုတွန်းချချင်လို့များ ဒီလိုဖြစ်တာလားလို့ တော်တော်စိုးရိမ်မိသတဲ့။

          တစ်ရက်တော့ ပြင်းစုဆရာတော် ဦးနရိန္ဒနှင့်ကြုံလို့ သူ့စိတ် ဖြစ်နေပုံ ပြောပြတော့ ဦးနရိန္ဒက ဒီလိုဖြစ်လျှင် ကိုယ်တော် ဖိုထိုးပါ၊ဖိုထဲ စိတ်ဝင်စားခဲ့လျှင် အဲဒီ ပျင်းရိတဲ့စိတ်တွေ အကုန် ပျောက်သွားမှာပါလို့ ပြောပြီးသူ့မှာရှိတဲ့ ဖိုကိုရော၊ လုံတွေကိုရော ဓာတ်ပစ္စည်းတွေရော ကျောင်းအရောက် ပို့ပေးသတဲ့၊ဦးဉာဏိန္ဒဟာ ပြင်းစုဆရာတော်ကို အားနာတာနှင့် လာပို့တဲ့ ဖိုကြီးဆင်တဲ့ပြီး အဂ္ဂိရတ်ထိုးလိုက်တော့သုံးလေးရက်အတွင်း ပျင်းရိတဲ့ စိတ်တွေပျောက်ပြီး သာသနာတော်မှာ ပြန်လည်ပျော်မွေ့လာသတဲ့။

          လေသာကုန်းဆရာတော်လို ဘာရယ်လို့ မဟုတ်၊ အပျင်းပြေထိုးတဲ့ ပုဂ္ဂိုလ်မျိုးပါ ထည့်တွက်လျှင် ဖိုထိုးသူဟာ ၄-မျိုးရှိတာပေါ့။

          အဲဒီ အဂ္ဂိရတ်ဆရာ ၄-မျိုးအနက် ရွှေဖြစ် ငွေဖြစ်ဆိုတဲ့ပထမအဂ္ဂိရတ်ဘုန်းကြီးမျိုးတော့ လုံးဝ မလုပ်သင့်ဘူး၊ ဘာကြောင့်လဲဆိုတော့ ဘုန်းကြီးနှင့်ရွှေငွေဟာ လုံးဝ မအပ်စပ်တဲ့အပြင် ရွှေအစစ် မဟုတ်တဲ့ စပ်ရွှေကို ရွှေအစစ်လို့ သုံးမိလျှင်၊ပါရာဇိကအထိ အပြစ်ကြီးလွန်းလို့ပါပဲ၊ ဒါဖြင့် ကျန်တဲ့အဂ္ဂိရတ်တွေကိုကော လိုက်စားသင့်သလားဆိုတော့ ဘယ်အဂ္ဂိရတ်ပညာကိုမျှ မလိုက်သင့်ပါဘူး၊ အားလုံး မဂ်ဖိုလ်မှာ ဖီလာဖြစ်တဲ့ တိရစ္ဆာန်အတတ်ဖြစ်လို့ပါပဲ။

          ရဟန်းဖြစ်သူ အမှန်လိုက်စားရမည့်အတတ်က ပရိယတ္တိအတတ်၊ပဋိပတ္တိအတတ်၊ အဓိဂမအတတ်သာ ဖြစ်တယ်၊ သာသနာတော်နှင့်စပ်တဲ့ အတတ်မှတစ်ပါး ဘာအတတ်မျှ ရဟန်းမှန်သမျှမလိုက်ဝစားသင့်ပါဘူးလို့ အဖြေပေးလိုက်ပါတယ်ကွယ်။

          သာဓု . . . သာဓု . . . သာဓု



***ဆက်ရန်***

 ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ -  အမှတ်စဉ်(၂၃၁) - ဗဒ္ဓသိမ်

 ***ကောက်နုတ်ချက်***

နိုင်ငံတော် သြဝါဒါစရိယ၊ မြန်မာစာသြဝါဒါစရိယ

အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တဒေဝိန္ဒာဓိပတိ (ထီးချိုင့်မြို့ - တည်တောဆရာတော်ကြီး)

ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ အတွဲ(၆)  (စာမျက်နှာ ၁၈ ~ ၂၁) မှ ကောက်နုတ်ပူဇော်ပါသည်။

ဤ အမေး-အဖြေ အား ကိုယ်တိုင်ပြန်လည်ရေးသား၍

ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး နှင့် တကွ

ဆရာ- အရှင်တေဇာနန္ဒ တို့အား ပြန်လည်ကျေးဇူးပြုပူဇော်အပ်ပါသည်။

Ye Win Tun >> Facebook မှ 

စိတ်ဝင်စားစရာ မေးခွန်းများ

 

ဝဋ်ကြွေးကျေအောင် ဘယ်လိုပေးဆပ်ရပါမလဲ

မေး။       ။ ယခင်ဘ၀များက ၀ဋ်ကြွေးများ ပါရှိနေလျှင် ယင်းဝဋ်ကြွေးများ ကျေအောင် မြတ်စွာဘုရားထံ၌ မည်ကဲ့သို့ ပေးဆပ်ရမည်ကိုအကျယ်တ၀င့် ရှင်းလင်းဖြေကြားပေးတော်မူပါဘုရား။
( မခိုင်-မရမ်းကုန်းမြို့နယ်၊ ရန်ကုန် )

ဖြေ။    ။ ၀ဋ်ကြွေးဟူသည်မှာ မိမိပြုခဲ့သော မကောင်းမှုများမှ ငရဲစသော ပဋိသန္ဓေကျိုးပေးပြီးနောက် အကျိုးဆက်အနေဖြင့် ကျန်ရှိနေသော ကံကြွင်းဖြစ်သည်။ထိုကံကြွင်းကြောင့် ဤဘ၀ ပ၀တ္တိအခါတွင် ခံစားရသော ဘေးဒုက္ခများပင် ဖြစ်သည်၊

ဥပမာ- သူတဦးတယောက်ကို ဓားဖြင့်ခုတ်သတ်ခဲ့၍ ငရဲ၌ ကျရောက် ခံစားရသည်၊ငရဲမှလွတ်ကာ တိရစ္ဆာန် စသည်ဖြစ်ရာ ဓားခုတ်ခံရ၍  သေခြင်း၊ လူ့ဘ၀ရောက်သည့်တိုင်အောင် ဓားလက်နက်ဖြင့် ထိပါး၍ သေရခြင်းစသည်ဖြင့် ၀ဋ်ကြွေးများကို ခံစားရတတ်ပါသည်။

သူ့အသက်ကိုသတ်ရာ၌ အသတ်ခံရသူ မသေ၍ ကမ္မပထ ကံ မမြောက်သဖြင့် ငရဲ၌ မခံရသည့်တိုင်အောင်သေလောက်
သည့်လက်နက် တမျိုးမျိုး ထိခိုက်ရှနာခြင်း-စသော ၀ဋ်ကြွေးများလည်း ရှိတတ်ပါသည်၊ ယင်းဝဋ်ကြွေးအန္တရာယ်မှ ကင်းလွတ်ရန်၊သို့မဟုတ် သက်သာရန် မြတ်စွာဘုရားထံ၌ ပေးဆပ်ရန်မလို၊ ကုသိုလ်ကောင်းမှုများကို အဆက်မပြတ် ပြုလုပ်ရန်သာ လိုပါသည်၊

အကုသိုလ်အန္တရာယ်များ ကြားဖြတ် မ၀င်နိုင်ရန် သရဏဂုံသီလကို မပျက်အောင် ကျိုးပေါက်ပြောက် ကျား မရှိအောင် စောင့်ရှောက် ထိန်းသိမ်းခြင်း၊အမြဲတမ်း ဘုရားရှိခိုး၍ ပရိတ်မေတ္တာ ဘာဝနာတို့ကို  ပွားများ၍နေခြင်း၊ သမထ  ၀ိပဿနာ တို့ကို သင့်လျော်သလို အားထုတ်ခြင်း၊ဒါနကုသိုလ်ကို သင့်လျော်သလို ပြုလုပ်ခြင်း၊ စသည်ဖြင့် ကုသိုလ်တရားဖြင့် ထုံမွမ်းနိုင်ရန်၊ ကုသိုလ်ကံ စေတနာ အားသေးမသွား ရန် အရေးကြီးပါသည်၊

အဘယ့်ကြောင့်ဆိုသော် ၀ဋ်ကြွေးအန္တရာယ်တို့မှာ ကုသိုလ်ကံ အားနည်းအားပျော့နေချိန်တွင်ဝင်ရောက်တတ်သော ကြောင့်
ပင် ဖြစ်ပါသည်။

 မေး။   ။  စိတ် လျှင်မြန်ပုံများ

လူနှစ်ယောက်တို့သည် ဤလူ့ပြည်က တပြိုင်နက်သေ၍ တစ်ယောက်က ဗြဟ္မာ့ပြည့်၌ ဖြစ်၍
တစ်ယောက်က ဤလူ့ပြည်၌ ဖြစ်ကြရာ အဘယ်သူက အလျင်ဖြစ်နိုင်( ရောက်နိုင် )ပါသနည်း။

ဖြေ။  ။ မည်သည့်ဘ၀၌ပင်ဖြစ်စေ အဘိဓမ္မာအရ စုတိစိတ် နောင်-ပဋိသန္ဓေစိတ် ဖြစ်ရ၍ ဗြဟ္မာ့ပြည်နှင့် ဤလူ့ပြည် နှစ်ရပ်၌ တပြိုင်နက်ပင် ပဋိသန္ဓေယူနိုင် ဖြစ်နိုင်ကြပါသည်။

ရှင်းလင်းချက်။ ။ ဤအကြောင်းကို ထင်ရှားရန် မိလိန္ဒပဥှာမှ လောကနှစ်ခု ဖြစ်ရမှု၌ တူမျှပုံ ပြဿနာကို ဖော်ပြပါမည်။
မိလိန္ဒမင်းသည် -အရှင်ဘုရား နာဂသေန ဤလူ့ပြည်၌ သေလွန်၍ ဗြဟ္မာ့ပြည်၌ ဖြစ်သောသူ၊ဤလူ့ပြည်၌ သေလွန်၍  ကသ္မီရတိုင်း၌ ဖြစ်သောသူ ဤသူနှစ်ဦးတို့တွင် အဘယ်သူက ကြာမြင့်၍ အဘယ်သူက လျင်မြန်ပါသနည်း-ဟု မေးလျှောက်သော်

မင်းမြတ်-ထိုသူနှစ်ယောက်တို့သည် တပြိုင်နက်တည်းပင်  ဖြစ်ပါ၏-ဟု မိန့်တော်မူ၏။

အရှင်ဘုရား၊ ဥပမာပြုတော်မူပါဦးလော့
မင်းမြတ်၊ သင်သည် အဘယ်မြို့ ၌ မွေးဖွားပါသနည်း၊
အရှင်ဘုရား၊ ကလသိမည်သော ရွာ၌ မွေးဖွားပါသည်။

မင်းမြတ်၊ ယင်းကလသိရွာသည် ဤသာဂလမြို့မှ အဘယ်မျှလောက် ဝေးကွာပါသနည်း။
အရှင်ဘုရား၊ ယူဇနာအားဖြင့် နှစ်ရာတိုင်တိုင် ဝေးကွာပါသည်။

မင်းမြတ်၊ ကသ္မီရတိုင်းသည် ဤသာဂလပြည်မှ အဘယ်မျှလောက် ဝေးကွာပါသနည်း၊
အရှင်ဘုရား၊ တဆယ့်နှစ်ယူဇနာ ဝေးကွာပါသည်။

မင်းမြတ်၊ တိုက်တွန်းပါ၏၊ သင် မင်းမြတ်သည် ကလသိရွာကို ကြံ စည်အောက်မေ့( စိတ်ကူးလိုက် ) ပါလော့။
အရှင်ဘုရား၊ ကြံစည်အောက်မေ့စိတ်ကူးလို့  ပြီးပါပြီဘုရား။

မင်းမြတ်၊ တိုက်တွန်းပါ၏၊ သင်မင်းမြတ်သည် ကသ္မီရတိုင်းကို ကြံစည်အောက်မေ့ပါလော။
အရှင်ဘုရား၊ ကြံစည်အောက်မေ့  ပြီးပါပြီဘုရား။

မင်းမြတ်၊ အဘယ်အရပ်ကို ကြာမြင့်စွာ ကြံ စည်အောက်မေ့ရသနည်း။
အဘယ်အရပ်ကို လျင်မြန်စွာ ကြံစည်အောက်မေ့ရသနည်း။
အရှင်ဘုရား၊ အညီအမျှ အတူတူပင် ကြံစည်အောက်မေ့ရပါသည်ဘုရား။

မင်းမြတ်၊ ဤအတူသာလျှင် ဤလူ့ပြည်၌ သေလွန်၍ ဗြဟ္မာ့ပြည်၌ ဖြစ်သောသူ၊ ဤလူ့ပြည်၌ သေလွန်၍ ကသ္မီရတိုင်း၌ ဖြစ်သောသူ၊ ဤသူနှစ်ဦးတို့သည် တပြိုင်နက် ပင်  (အတူတူပင်) ဖြစ်ကြရပါကုန်၏-ဟု ဖြေတော်မူလေ၏။

ဤအမေးအဖြေ၌ မိလိန္ဒမင်းက အချို့လူများ ယူဆသကဲ့သို့ သေသူ၏အသက်ဝိညာဉ်သည် ဤဘ၀က သေဆုံးပြီးလျှင် မိမိပဋိသန္ဓေတွယ်နေရမည့် ဘ၀သို့ ရှာဖွေ၍ သွားနေရသည်၊ ဘ၀တခုနှင့်တခု အကြား၌ ၀ိညာဉ်သည် တွယ်စရာမရှိ၊ လွင့်ပါးသွားလာနေရသေးသည် ဟု ယူဆ၍ မေးခြင်းဖြစ်သည်။

အရှင်နာဂသေန-က အဘိဓမ္မာအရ စုတိစိတ် အဆုံးသတ်ချုပ်လျှင် ( သေဆုံးလျှင်) ထိုစုတိစိတ်၏ အခြားမဲ့ ( တခဏချင်း အချိန်အတွင်း )၌သာလျှင် ပဋိသန္ဓေစိတ် ဆက်လက်ဖြစ်သည်။
မည်သည့်ဘ၀ မည်မျှလောက် ဝေးသည့် ဘုံသို့ပင် ဖြစ်ရမည် ဖြစ်စေ၊ သာဂလနေပြည်တော်မှ ကလသိရွာကို စိတ်ကူး၍ ချက်ချင်းထင်မြင်ရသလိုပင်စိတ်မြန်သလောက် အမြန်ပင်  ဖြစ်ရကြောင်း ဥပမာပြ၍ ဖြေဆိုတော်မူလေသည်။

ဤအမေးအဖြေကို ထောက်ဆ၍ သေလွန်သူသည် ဘ၀တခုသို့ မရောက်မီ ကြားဘ၀တခု ( တစ္ဆေ ၊ သရဲဘ၀၊ မှင်စာ၊ ကြပ်၊ စုန်း၊ ကဝေ စသည်ဖြင့် ) ရှိနေသေးသည်၊ ခုနှစ်ရက်ခန့် လွင့်ပါးနေရသေးသည်၊
အိမ်အနီးမှာပင် စောင့်ဆိုင်းနေရသေးသည်၊ ထိုအခိုက်တွင် တန်ခိုးရှင်တို့ကဲ့သို့ အရာခပ်သိမ်းကို မြင်နိုင်သည်၊  မိမိအလောင်းအနီး၌ ဆွေမျိုးတို့ ငိုနေသည်ကိုပင် တွေ့နေရသည်၊ ( ၇ ) ရက်ကျော်လွန်မှ ရက်လည်ဆွမ်းသွတ်တရားနာပြီး မှ ကျွတ်လွတ်သွားသည်၊ ပြီးမှ  လိုရာအရပ်သို့ ခဏချင်းသွားရောက် နိုင် သည်ဟူသော ၀ိညာဉ်ဝါဒ ရှိသူတို့၏ အယူကို  လက်သင့်မခံပဲ ပယ်ဖျောက်သင့်ပါသည်။.

 မေး။         ။  ဘုရားကိုးဆူ ဖြစ်ပေါ်လာပုံ

ဘုရားကိုးဆူ သမိုင်းကြောင်းနှင့် ဘုရားကိုးဆူ နေရာချထားပုံ၊
ရွတ်ဖတ်မှုကို ရဟန်းတော်များ မလုပ်ဘဲ လူများလုပ်ခြင်းနှင့် နေ့မလုပ်ဘဲ ညလုပ်ရပုံများ သိလိုပါသည်ဘုရား။
( ထွေးလင်းထွဋ်-အင်းစိန် ) ( ထိုက်ထိုက်-တံတားဦး ) ( ၀င်းနိုင်ဦး-သံကုန်း )

ဖြေ ။    ။ သက္ကရာဇ် ၉၂၀-ကျော် ဘုရင့်နောင်မင်းကြီး လက်ထက် ဇင်းမယ်ပြည်မှ နတ်ကြီး ၉-ပါး ပူဇော်ပွဲကို ဘုရင့်နောင်မင်းတရားကြီး သားတော် ဇင်းမယ်စား နော်ရထာစောက သာသနာပြု ဆရာတော်များနှင့် တိုင်ပင်၍ ဓမ္မပဒ၊ အာယုဝဍ္ဎန သတို့သား ၀တ္ထုအရ ဘုရားကိုးဆူ ပူဇော်မှုကို စီရင်ခဲ့သည်-ဟု သမိုင်းများက ဆိုပါသည်။

အလယ်ဗဟိုမှာ မြတ်စွာဘုရား သီတင်းသုံး၍
လက်ယာဘက် တောင်အရပ်မှ လက်ယာတော်ရံ အရှင်သာရိပုတ္တရာ၊
လက်ဝဲဘက် မြောက်အရပ်မှ လက်ဝဲတော်ရံ အရှင်မဟာမောဂ္ဂလ္လာန်၊
အရှေ့တော် အရှေ့အရပ်မှ သက်တော်အကြီးဆုံး အရှင်ကောဏ္ဍည၊
နောက်တော် အနောက်အရပ်မှ နောက်တော်ပါ အလုပ်အကျွေး အရှင်အာနန္ဒာ၊
( ဤလေးပါးကို လောကုတ္တရာနည်းအရ နေရာချထား၏ )

တနင်္ဂနွေထောင့်မှာ ဂြိုဟ်သက်အငယ်ဆုံးဖြစ်၍ သက်တော်အငယ်ဆုံး အရှင်ရာဟုလာ၊
အင်္ဂါထောင့် အရှင်သာရိပုတ္တရာ အနီး၌ ၄င်း၏ညီအငယ် အရှင်ရေ၀တ၊
စနေထောင့်၌ စနေနံသည် တရားသူကြီးဂြိုဟ်ဖြစ်၍ ၀ိနယဓရ အရှင်ဥပါလိ၊
ရာဟုထောင့်၌ ပသု-ဟူသော ရာဟုဂြိုဟ်၏ ပရိယာယ်အရ ( ပသု-နွားလားတို့၏၊ ပတိ-အရှင်ဖြစ်သော ) အရှင်ဂ၀ံပတိ၊
( ဤလေးပါးကို လောကီနည်းအရ နေရာချထား၏ )
ဤသို့ ရဟန္တာ ၈-ပါးကို နေရာချထားပေးသည်။

ဘုရားကိုးဆူ ပူဇော်ရာ၌ နံနက် အရုဏ်တက်ချိန်တွင် ဆွမ်းကပ်လှူရမည်ဖြစ်၍ ညပိုင်းတွင် ပြင်ဆင်ပင့်ဆောင်ထားရသည်၊
ဘုရားကိုးဆူ ဒါယကာက ဧည့်သည်များကို ညတွင်ဖိတ်ကြားကာ ဘုရားဖူးစေသဖြင့် ညမှာ ကျင်းပသကဲ့သို့ ဖြစ်နေသည်။ ထို့ပြင် ညပိုင်းတွင် ဘုရားပင့်ခြင်း၊ ရွတ်ဆိုခြင်းတို့မှာ လူတို့အလုပ်ဖြစ်၍ ရဟန်းတော်များနှင့် မသက်ဆိုင်ဘဲလည်း ဖြစ်နေပေသည်။

ဘုရားကိုးဆူ ပူဇော်မှုကို အိမ်ရှင်များက ကျန်းမာ ချမ်းသာ အသက်ရှည်စွာနှင့် ဘေးအန္တရာယ် ကင်းကွာ၍ကျက်သရေမင်္ဂလာ တိုးတက်ရန် ပြုလုပ်လေ့ရှိကြပါသည်၊ ထိုကိစ္စအားလျော်စွာ အိမ်ရှင်တို့ကိုယ်တိုင် အိမ်၌ ဘုရားကိုးဆူ ပူဇော်ထားစဉ် ဘုရားရှိခိုးခြင်း၊ ရွတ်ဆိုဆုတောင်းခြင်း၊ ဆွမ်းဘောဇဉ်ဆက်ကပ်ခြင်းတို့ကိုဘိသိက်ဆရာကို လွှဲမထားဘဲ ကိုယ်တိုင်ပြုလုပ်မှသာ ဘုရားကိုးဆူ ပူဇော်ပွဲဆိုသည်မှာ အဓိပ္ပါယ် ပြည့်ဝစရာ ရှိပါလိမ့်မည်။

ဘဒ္ဒန္တတိလောကသာရ ( ရဝေထွန်း ) ဆရာတော်ဖြေကြားသည်။

အစွဲပျောက်ကင်းနည်း


ပြဿနာ = တပ်မက်ခြင်း ။

မေးလျှောက်သူ = ရဟန်းတစ်ပါး ။

အခါးတစ်ပါး၌ မြတ်စွာဘုရားသည် ရဟန်းတို့အား အတ္တစွဲ မထားကြဖို့ တပ်ခြင်းကင်းကြောင်း တရားကို ဖောင်ကို ဥပမာတင်စား၍ ဟောကြားတော်မူ၏ ။

လူတစ်ယောက်သည် ခရီးသွားလေ၏ ။လမ်း၌ မြစ်ကြီးတစ်ခုခံနေ၍ ခက်နေသည် ။ ထိုအခါ ထိုသူသည် တစ်ဖက်ကမ်းသို့ ရောက်ရှိရေးအတွက် ဖောင်တစ်ခုကို ဖွဲ့၍ကူး၏ ။ ကမ်းတစ်ဖက်သို့ရောက်သွားလေပြီ ။

တစ်ဖက်ကမ်းသို့ရောက်သွားလေသောအခါ " ဤဖောင်သည် ငါ့အား ကျေးဇူးများလှပေသည် " ဟူ၍ ထိုသူသည် ဖောင်ကို ခေါင်းပေါ်တင်၍ ရွက်ထားခဲ့သော် ဖောင်၌ ပြုဖွယ်ကိစ္စကို ပြုမည်မမည် ။ ထိုဖောင်ကို ကုန်းပေါ်၌ ဆယ်တင်ထားခဲ့ခြင်း ၊ သို့မဟုတ် ရေ၌မျှောခြင်းပြုလုပ်သော်သာ ပြုသင့်သောကိစ္စကို ပြုသည်မည်၏ဟု ဟောတော်မူပြီးလျှင် -

အို - ရဟန်းတို့ ၊ ဤအတူပင် ငါသည် ဖောင်ဥပမာကို ဟောတော်မူ၏ ။ ထွက်မြောက်ဖို့သာဖြစ်သည် ။ စွဲယူဖို့မဟုတ် ။ ရဟန်းတို့ ၊ ဖောင် ဥပမာကိုသိရသော သင်တို့သည် တရားတို့ကိုပင် စွန့်ပယ်ကြရကုန်မည် ၊ မတရားကိုကား ဆိုဖွယ်မရှိကုန် ။

အို - ရဟန်းတို့ ၊ သူတော်ကောင်းတို့၏ တရား၌ ဆုံးမယဉ်ကျေးပြီးသော ငါ၏တပည့်သားတော်သည်ကား ရုပ် ၊ နာမ် ၊ ဝတ္ထုအစုစုတို့ကို " ငါ့ဟာ ၊ ငါ ၊ ငါ့ကိုယ်ဟု အတ္တစွဲများဖြင့် မကြည့်ရှု ၊ ငါ့ဟာ မဟုတ် ၊ ငါမဟုတ် ၊ ငါ့ကိုယ်မဟုတ် " ဤသို့ရှုကြည့်ဆင်ခြင်လျက် တစ်စုံတစ်ရာကိုမျှ မတပ်မက်ချေ ။ မစွဲလန်းချေ ။

ဤသို့ ဟောတော်မူလေရာ တရားနာနေသော ရဟန်းတစ်ပါးက ဤသို့မေးလျှောက်လေ၏ ။

မေး ။ ။ မြတ်စွာဘုရား ၊ အပြင်ပ၌ တစ်စုံတစ်ရာ မရှိခဲ့ပါသော် တပ်မက်ခြင်း ဖြစ်ရာပါသလော ။

ဖြေ ။ ။ ဖြစ်ရာ၏ ရဟန်း ။ အို - ရဟန်း ၊ ဤလောက၌ အချို့သူက " ငါ့မှာ ဖြစ်ပြီးသော အရာသည် မရှိခဲ့ ၊ ငါ့မှာ ဖြစ်ပေါ်မည့်အရာကို မရခဲ့ " ဟု တပ်မက်ခြင်း ဖြစ်၏ ။ ၎င်းအတွက် ထိုသူသည် စိုးရိမ်၏ ။ ငိုကြွေး၏ ။ ရင်ခတ်လက်တီး မြည်တမ်း၏ ။ တွေဝေမိန်းမော၏ ။ ဤသို့အားဖြင့် အပြင်ပန်း တစ်စုံတစ်ရာမရှိဘဲ တပ်မက်ခြင်းဖြစ်၏ ။

မေး ။ ။ အရှင်ဘုရား ၊ အပြင်ပ၌ တစ်စုံတစ်ရာ မရှိခဲ့ပါသော် မတပ်မမက် ဖြစ်ရာပါသလော ။

ဖြေ ။ ။ ဖြစ်ရာ၏ ရဟန်း ။ အို - ရဟန်း ၊ အချို့က ငါ့မှာဖြစ်ပြီးရာသည် မရှိခဲ့ ၊ ဖြစ်ရမည့်အရာကို မရခဲ့ဟု တပ်မက်ခြင်းမဖြစ်ခဲ့ပါချေ ။ ၎င်းသည် မစိုးရိမ် ၊ မပူပန် ၊ မငိုကြွေး ၊ ရင်ခတ်လက်တီး မမြည်တမ်း ၊ မမိန်းမောချေ ။ ဤသို့ မတပ်မမက်ခြင်းဖြစ်ရာ၏ ။

မေး ။ ။ အရှင်ဘုရား ၊ အတွင်း၌ တစ်စုံတစ်ရာမရှိခဲ့သော် မတပ်မက်ခြင်း ဖြစ်ရာပါသလော ။

ဖြေ ။ ။ ဖြစ်ရာ၏ ရဟန်း ၊ အို - ရဟန်း ၊ အချို့က ဤသည်ပင် လောက ၊ ဤသည်ပင် ကိုယ် ၊ုပုဂ္ဂိုလ် ၊ သူ ၊ ငါ ၊ မိန်းမ ၊ ယောက်ျား ၊ ၎င်းသည် ခံစားအပ်ရာတည်း ။ စွဲမြဲ၏ ။ ပြောင်းလွဲမရှိ ။ တည်တံ့၏ ၊ မပျက်စီး ၊ မြဲသကဲ့သို့ တည်နေ၏ ။ ဤသို့ အယူအစွဲရှိ၏ ။ ၎င်းသည် အားလုံးသော အယူစွဲ၏ဖြစ်ပွားရာတည်ရာ ထကြွခြင်း ၊ စွဲယူခြင်း ၊ ကိန်းနေခြင်းတို့ကို ပယ်ဖျောက်ကြရန်အလို့ငှာလည်းကောင်း ၊ တပ်မက်ခြင်း ကုန်ခမ်းရေးအလို့ငှာလည်ကောင်း ၊ တပ်စွန်းကင်းရန်အလို့ငှာလည်းကောင်း ၊ လက်စသတ်ချုပ်ငြိမ်းရန်အလို့ငှာလည်းကောင်း ၊ သောကမီးအေးရန်အလို့ငှာလည်းကောင်း ဘုရားက ဖြစ်စေ ၊ ဘုရား၏ တပည့်ကဖြစ်စေ ဟောညွှန်သည်ကို ကြားသိရသော် -

အို - ပြတ်ရဦးမည်တကား ၊ ပျက်ရဦးမည်တကား ၊ မဖြစ်ပွားရတော့အံ့တကားဟု စိတ်၌ ဖြစ်ပေါ်လေသည် ။ ၎င်းသည် စိုးရိမ်ပူဆွေး ငိုကြွေးမြည်တမ်း၏ ။ တွေဝေမိန်းမော၏ ။ ဤသို့အတွင်း၌ တစ်စုံတစ်ရာမရှိသော် မရှိဘဲလျက်ပင် တပ်မက်ခြင်းဖြစ်၏ ။

မေး ။ ။ မြတ်စွာဘုရား ၊ အတွင်း၌ တစ်စုံတစ်ရာ မရှိခဲ့သော် မတပ်မမက် ဖြစ်ရာပါသလော ။

ဖြေ ။ ။ ဖြစ်ရာ၏ ရဟန်း ။ အို - ရဟန်း ၊ အချို့က ဤသည်ကား လောက ၊ ဤသည်ကား ကိုယ် ၊ ပုဂ္ဂိုလ် ၊ သူ ၊ ငါ ၊ မိန်းမ ၊ ယောက်ျားဟု မစွဲ ၊ ခံစားအပ်ရာ ဖြစ်၏ ။ မြဲစွဲ၏ စသည် မစွဲ ။ ဘုရားဖြစ်စေ ၊ ဘုရားတပည့်ဖြစ်စေ ၊ ဤလောက ဆင်းရဲကုန်ဆုံးရေး ၊ သောကမီးငြိမ်းရေး တရားဟောကြားသည်ကို ကြားသိရသော် ပြတ်ရတော့မည် ၊ ပျက်ရတော့မည် စသည်စသည် အယူ အစွဲ မရှိ ။ ၎င်းသည် စိးရိမ် ပူဆွေး ငိုကြွေးမြည်တမ်း တွေဝေမိန်းမောခြင်း မဖြစ် ။

ဤသို့အတွင်း၌ တစ်စုံတစ်ရာမရှိသော် တပ်မက်ခြင်းဖြစ်ရာ၏ဟု ဟောတော်မူသည်ကို ထိုထိုရဟန်းသည် နှစ်သိမ့်လေ၏ ။

( မဇ္ဈိမနိကာယ် ၊ မူလပဏ္ဏာသ ၊ ကလ္လူပမသုတ္တန်မှ )

BTNR မှ ဆရာဒဂုန် ဦးစန်းငွေ၏ ဗုဒ္ဓကိုယ်တိုင် ဖြေကြားခဲ့ရသော မေးခွန်းနှင့် ပြဿနာများ စာအုပ်မှ ကူးယူဖော်ပြပူဇော်ခြင်း ဖြစ်ပါသည်။

World Of Wisdom

ဘုရား ၊ ရဟန္တာနှင့် ငါဟူသော ဝေါဟာရ


ပြဿနာ = ဘုရား ၊ ရဟန္တာ၌ အတ္တစွဲ ရှိသလော

မေးလျှောက်သူ= တောစိုးနတ်သားတစ်ဦး

တစ်ဦးသော နတ်သားသည် တစ်ခုသော တောအုပ်ကြီး၌ နေ၏ ။ သူနေသော တောအုပ်ထဲသို့ ရဟန္တာကြီးများ လာရောက်နေထိုင်ကြလေရာ ထိုနတ်သားသည် ရဟန္တာကြီးများ အချင်းချင်းပြောကြသော စကားများကို ကြားနေရ၏ ။

ထိုအခါ ယင်းရဟန္တာကြီးများ ပြောစကားကို အကြောင်းပြု၍ ထိုနတ်သားသည် ရဟန္တာကြီးများအပေါ်တွင် ယုံမှားသံသယဖြစ်လာသည် ။

ရဟန္တာကြီးများ ပြောဆိုကြသည့် စကားများကား ၊ " ငါစားသည် ၊ ငါသောက်သည် ၊ ငါအိပ်သည် ၊ ငါ့ပစ္စည်း ၊ ငါ့ဟာ ၊ ငါ့သပိတ် ၊ ငါ့သင်္ကန်း " ဤသို့ စသည်ဖြင့် အတ္တစွဲ ငါ ၊ ငါ ဟူသော စကားများဖြစ်သတည်း ။ ထိုစကားကို အကြောင်းပြု၍ နတ်သားသည် တွေးမိလာ၏ ။ " အစက ဤကိုယ်တော်ကြီးများကို ရဟန္တာဟု ငါမှတ်ထင်ခဲ့သည် ။ ရဟန္တာတို့မည်သည် ငါ ၊ ငါဟူ၍ အတ္တစွဲနှင့်စပ်သောစကား ၊ အတ္တစွဲမကင်းသော စကားကို ဆိုကြ ၊ ပြောကြရာသလော ၊ မဆိုမပြောရာသလော " ဟု သို့လော သို့လော တွေးတော ဒွိဟ သံသယ ဖြစ်လာသည် ။

တစ်နေ့သ၌ ထိုနတ်သားသည် မိမိ၏ ယုံမှားသော သံသယ ကင်းပခြင်းငှာ ဘုရားအထံတော်သို့ ချည်းကပ်ပြီး ထိုပြဿနာရပ်ကို တင်ပြလျှောက်ထားကာ မေးမြန်းခြင်းပြုလေ၏ ။

မေး ။ ။ လူ ၊ နတ် ၊ ဗြဟ္မာတို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရား ၊ အကြင်ရဟန်းသည် ရဟန္တာဆိုပါက ၊ ရဟန်းကိစ္စပြီးစီးသော ပုဂ္ဂိုလ်မှန်ပါက ၊ အာသဝေါကုန်ခန်းပြီး ဖြစ်ပါက ၊ တစ်ဖန် ပဋိသန္ဓေနေရခြင်း မရှိသော နောက်ဆုံး ခန္ဓာဝန်အတ္တဘောရှိသည်ဆိုပါက ထိုရဟန်းသည် " အဟံ ဝဒါမိ = ငါပြောသည် ဟူ၍လည်းကောင်း ၊ အဟံ ပိဝါမိ = ငါသောက်၏ ဟူ၍လည်းကောင်း ၊ မမစီဝရံ = ငါ့သင်္ကန်းဟူ၍ လည်းကောင်း " အတ္တစွဲ ငါဟူသောစကားကို ဆိုရာပါသလော ။

ဖြေ ။ ။ အချင်း ဒါယကာနတ်သား ၊ မှတ်သားနာယူလော့ ။ အကြင်ရဟန်းသည် ကုန်ပြီးသော အာသဝေါတရား လေးပါးလည်းရှိ၏ ။ ပြီးပြီးသော ရဟန်းကိစ္စ ၁၆ - ပါးလည်း ရှိ၏ ။ နောက်ထပ်တစ်ဖန် ပဋိသန္တေနေခြင်းမရှိသော နောက်ဆုံး ခန္ဓာဝန်ကိုလည်း ဆောင်၏ ။ ထိုရဟန်းသည် အဟံ ဝဒါမိတိပိ = ငါပြောသည် ၊ ငါဆိုသည်ဟူ၍လည်းကောင်း ၊ မမံ=ငါ့ကို ၊ ပရေ= တစ်ပါးသောသူတို့က ၊ ဝဒန္တိ တိပိ = ပြောကုန်သည် ၊ ဆိုကုန်သည်ဟူ၍လည်ကောင်း ပြောဆိုပေရာသည် ။ ခန္ဓာလောက၌ လိမ္မာသောရဟန်းကား လူ့ဝေါဟာရ ၊ လူ့ အသုံးနှုန်းကို သိတော်မူ၏ ။ သိသောကြောင့် လောက ဝေါဟာရမျှဖြင့် ဆိုရာသည် ၊ ဆိုနိုင်ပေသည် ၊ ဆိုကောင်းသည် မှတ်ရာ၏ ။

အချင်း ဒါယကာနတ်သား ၊ ငါ ထင်ရှားစွာဆိုဦးအံ့ ။ ခန္ဓာငါးပါးတို့သည် သွားကုန်၏ ၊ စားကုန်၏ ၊ ရပ်ကုန်၏ ၊ နေကုန်၏ ။ ခန္ဓာငါးပါးတို့သည် အိပ်ကုန်၏ ၊ သောက်ကုန်၏ ဆိုခဲ့သော်လည်းကောင်း ၊ ဤသင်္ကန်းကား ခန္ဓားငါးပါး၏ သင်္ကန်းတည်း ။ သပိတ်ကား ခန္ဓာငါးပါး၏ သပိတ်တည်းဟု ဤသို့သော ဝေါဟာရဖြင့် ဆိုခြင်း ၊ ပြောခြင်း ၊ သုံးနှုန်းခြင်း ပြုခဲ့သည်ရှိသော် လည်းကောင်း ၊ လောက ဝေါဟာရအစဉ်အလာ ပြောရိုး ၊ ဆိုးရိုး ၊ လူ့ အသုံးအနှုန်း ပျက်လေ၏ ။

အချင်း ဒါယကာနတ်သား ၊ ယင်းသို့ ခန္ဓာငါးပါး သွားသည် ၊ ခန္ဓာငါးပါး စားသည် စသည်ဖြင့် မဆိုဘဲ လူ့ ဝေါဟာရ ၊ လူ့ အသုံးအနှုန်းဖြင့်သာလျှင် (လူ့ဝေါဟာရနှင့် မဆန့်ကျင်သော စကားဖြင့်) ရဟန္တာပုဂ္ဂိုလ်သည် ဆိုပေရာ၏ ။ လောကဝေါဟာရ လူ့အသုံးအနှုန်း မပျက်စေခြင်းငှာ ၊ နားလည်စေခြင်းငှာ ငါသွားသည် ၊ ငါစားသည် ၊ ငါ့သင်္ကန်းဟူ၍ ဘုရားပစ္စေကဗုဒ္ဓာတို့သည်လည်း ဆိုကုန်၏ ။ ရဟန္တာတို့သည်လည်း ဆိုပေကုန်၏ ။ အတ္တစွဲဟူ၍ ဆိုသည်မဟုတ် ။

( သဂါထာဝဂ္ဂ သံယုတ်ပါဠိတော်နှင့် ၎င်းအဋ္ဌကထာ )

BTNR မှ ဆရာ ဒဂုန်ဦးစန်းငွေ၏ ဗုဒ္ဓကိုယ်တိုင်ဖြေကြားခဲ့ရသော မေးခွန်းနှင့်ပြဿနာများ စာအုပ်မှ ကူးယူဖော်ပြပူဇော်ခြင်း ဖြစ်ပါသည် ။

World Of Wisdom

ဘယ်လမ်းက သွားနေသလဲ



မြတ်စွာဘုရားက ဘယ်လို ဥပမာပေးလဲဆိုတော့

တောင်ထိပ်က မျက်စိအမြင်နဲ့ ပြည့်စုံတဲ့ လူတစ်ယောက်ဟာတဲ့

ဟိုးအဝေးကရှိတဲ့ သဲကန္တာရကြီးထဲကို လှမ်းပြီးကြည့်လိုက်တယ်။

ကြည့်တော့ အပေါ်ကလဲ နေကပူလိုက်တာ အောက်က သဲတွေကလဲ

ပူကျက်ပြီးတော့ လောင်ကျွမ်းနေတဲ့ ဒီခရီးကို ကြည့်နေတုန်းမှာပဲ

လူတစ်ယောက် ခရီးသွားနေတယ် ၊ အဲဒီကန္တာရကြီးထဲမှာ

သူက ဖိနပ်မပါ အပေါ်က အဆောင်းမပါ သွားနေတာ။

အဲဒါကို အမြင့်ကနေ ကြည့်တဲ့သူက မြင်တယ်။

ဒီလူ ဘယ်သွားနေတာလဲလို့ ကြည့်လိုက်တော့

ဒီလူဟာ မီးကျီးတွင်းကြီးရှိတဲ့ဆီ ဦးတည်ပြီး သွားနေတာတဲ့။

အဲတော့ အပေါ်ကလူက ဒီလူ လမ်းကြောင်းမပြောင်းရင်တော့ေ

သေချာပေါက် မီးကျီးတွင်းထဲ ကျတော့မှာပဲ ၊ သူက

အမြင့်ကဆိုတော့ မြင်တယ်၊ အောက်ကနေ သွားနေတဲ့လူကတော့

ရှေ့ ကနေ အဝေးကြီးကို မမြင်နိုင်ဘူးလေ။

အဲဒါ အပေါ်ကလူက လမ်းကြောင်းမပြောင်းရင်တော့

သေချာပေါက်ကျတော့မှာပဲ ။ အဲဒီလိုကြည့်နေတုန်း

ဟိုလူကလည်း လမ်းကြောင်းမပြောင်းဘူး။

အဲတော့ လမ်းလည်းဆုံးရော မီးကျီးတွင်းထဲကျသွားတယ်။

အဲဒီလူ ပူပူလောင်လောင်နဲ့ ဒုက္ခရောက်နေတာကို အပေါ်ကလူက မြင်တယ်။

ဘာပြောတာလဲဆိုတော့ ဟောဒီ ၃၁ ဘုံဆိုတဲ့

အထက်ကပူ အောက်ကပူနေတဲ့ ဒီကန္တာရ ခရီးလမ်းကြမ်းကြီးထဲမှာ

တချို့ သော သတ္တ၀ါတွေသည် ငရဲရောက်ရာ ရောက်ကြောင်း

အလုပ်တွေကို လုပ်ရင်း မီးကျီးတွင်းရှိတဲ့ဆီကို ဦးတည်ပြီး

တစ်လှမ်းချင်းလှမ်းနေတယ် တဲ့။ ရှိတယ်နော် လောကမှာ

တချို့ လုပ်နေ ပြောနေ ကြံနေကြတာတွေဟာ ငရဲကိုရောက်ကြောင်း

အလုပ်တွေလုပ်နေတယ်။ မီးကျီးတွင်းဆီဦးတည်ပြီးသွားနေတဲ့သူဟာ

လမ်းကြောင်းမပြောင်းရင် မီးကျီးတွင်းထဲ ကျတော့မယ်။

ဒါကြောင့် ငရဲလမ်းဆိုတာကိုလဲ မြတ်စွာဘုရားသိတယ်။

လာပြန်ပြီ နောက်တစ်ယောက် ၊ အမြင့်ကလူက မြင်တယ်တဲ့။

ဘယ်ကို ဦးတည်နေတာလဲ ဒီခရီးသည်ကဆိုတော့

မစင်တွင်းကြီးဆီကို ဦးတည်နေတယ်တဲ့။ ဒီလူလမ်းကြောင်း

မပြောင်းဘူး၊ ခဏနေတော့ မစင်တွင်းကြီးထဲ ကျသွားတယ်တဲ့။

အဲဒီလိုပဲ ၃၁ ဘုံထဲမှာ တချို့ သော သတ္တ၀ါတွေဟာ

တိရစ္ဆာန်ဖြစ်ကြောင်းကံတွေကို လုပ်ပြီးတော့ ခရီးသွားနေတယ်။

သချိင်္ုင်းကုန်းသွားတာကို ရိုးရိုးမသွားဘူး၊ တိရစ္ဆာန်ဖြစ်ကြောင်း

အလုပ်တွေကို လုပ်ရင်းနဲ့ သွားနေတာ။ အဲဒါလမ်းကြောင်းက

မပြောင်းဘူးဆိုတော့ တိရစ္ဆာန်ပဲ ဖြစ်သွားတယ်တဲ့။

ဒါကြောင့် တိရစ္ဆာန်ဖြစ်ရတယ်ဆိုတာ မစင်တွင်းထဲကို

ကျရတာနဲ့ တူတယ်။ တိရစ္ဆာန်တွေရဲ့ ဘ၀မှာ သန့် ရှင်းတယ်၊

စင်ကြယ်တယ်၊ မြင့်မြတ်တယ်ဆိုတာ မရှိသလောက်ရှားတယ်။

အချင်းချင်းနိုင်ရာစား နိုင်ရာနှိပ်စက် ဘာဥပဒေမှ မရှိဘူးနော်။

ဒါကြောင့် တိရစ္ဆာန်တို့ ရဲ့ ဘုံဘ၀ကို မြတ်စွာဘုရားက

မစင်တွင်းကြီးနဲ့ ဥပမာပေးတယ်။ အဲဒီတိရစ္ဆာန်ဖြစ်ကြောင်းလမ်းကိုလည်း

မြတ်စွာဘုရားသိတယ်။

လာပြန်ပြီ နောက်တစ်ယောက် ဒီလူကတော့ ဘယ်ကိုဦးတည်နေလဲဆိုတော့

အထက်ပူ အောက်ပူလမ်းက လာတဲ့သူက ဘယ်ကို ဦးတည်နေလဲဆိုတော့

သစ်ရွက်ကျဲတဲ့ အရိပ်နည်းတဲ့ သစ်ပင်အို သစ်ပင်ခြောက်ဆီကို ဦးတည်နေတယ်တဲ့။

အဲဒါ အဲဒီအောက် သူရောက်သွားတာပဲ။ မောမောပန်းပန်းနဲ့ လာတယ်၊

အမောမပြေဘူး။ သစ်ပင်က စိုစိုပြေပြေမှ မဟုတ်ဘဲကို။ သစ်ပင်ခြောက်ကြီးဖြစ်နေတာကို၊

အဲသလိုပဲတဲ့ တချို့ သတ္တ၀ါတွေ သွားတော့သွားနေတာပဲ၊ ပြိတ္တာဘုံဘ၀ ဘုံဌာနကို

ရောက်ဖို့ အလုပ်လုပ်ရင်းနဲ့ သွားနေတာ။ အဲဒါငတ်ရင်းနဲ့ အဆာမပြေရင်းနဲ့ 

ပူနေရမယ့်ဘ၀မျိုး။ ဒါကြောင့် ပြိတ္တာဘ၀ကို သစ်ပင်အိုလို့ ဥပမာပေးတယ်။

ဘာမှ မှီခိုစရာ အရိပ်ခိုစရာ မရှိဘူးတဲ့ ။ အဲဒီလမ်းကိုလည်း မြတ်စွာဘုရားသိတယ်။

လာပြန်ပြီနောက်တစ်ယောက်၊ ဘယ်ကို ဦးတည်နေသလဲ။

အရိပ်အာဝါသနဲ့ ပြည့်စုံတဲ့ သစ်ပင်ပျိုဆီကို ဦးတည်နေတယ်။

တချို့ သတ္တ၀ါတွေဟာ လူဖြစ်စေတတ်တဲ့ ကံတွေကို ပြုရင်းနဲ့ သေရွာသွားတာ။

သစ်ပင်ပျိုဆိုတော့ အရိပ်အာဝါသနဲ့ ပြည့်စုံတယ်၊ သို့ သော်လည်း

နေပူထဲကလာတဲ့သူအတွက် ရေသောက်ရမှ ရေချိုးရမှသာ အဆင်ပြေမယ်မလား။

နောက်တစ်ယောက်ကတော့ ပြဿာဒ်ဆောင်ရှိရာဆီ ဦးတည်နေတယ်။

သူကတော့ သစ်ပင်ပျိုထက် ပိုပြီး အရိပ်အာဝါသနဲ့ ပြည့်စုံတာပေါ့။

အဲဒါဘာပြောတာလဲဆိုတော့ တချို့ သတ္တ၀ါတွေဟာ နတ်ပြည်ရောက်ကြောင်း ကောင်းမှုတွေကို ပြုရင်း

သေရွာသွားနေတယ်တဲ့။

နောက်တစ်ယောက်ကတော့ အဲဒီ (၅) ခုကို ဘယ်ဟာမှ ဦးမတည်ဘူး။

သူဘယ်ကို ဦးတည်နေသလဲဆိုတော့ ကြာမျိုးငါးပါးနဲ့ ပြည့်စုံတဲ့

ရေကြည် ရေအေး ရေချို နဲ့ ပြည့်စုံတဲ့ မင်္ဂလာနဲ့ ပြည့်စုံတဲ့ ရေကန်ကြီးဆီကို

ဦးတည်နေတယ်တဲ့။

အပေါ်ကနေပူတယ်၊ အောက်က သဲပူတယ်၊ ရေကလည်း ငတ်လှပြီ၊

အာခေါင်တွေလည်း ခြောက်လှပြီ။ လူကလည်း ရေချိုးချင်လှပြီ။

အဲဒီရေကန်ထဲလည်း ရောက်ရော ရေကို အားရှိပါးရှိသောက်မယ်။

အားပါးတရသောက်မယ်၊ ပြီးရင် စိမ်ပြီးတော့ချိုးမယ်။

အခုကျမှပဲ အဆာပြေတော့တယ်။ အခုကျမှပဲ အပူအအိုက်ပြေတော့တယ်

ဆိုတဲ့ ခံစားချက်သည် ရေကန်တွေ့ တဲ့သူမှသာလျှင် ဖြစ်နိုင်မယ်မလား။

အဲဒါ ဘာပြောတာလဲဆိုတော့ ဂတိဝိမုတ္တလို့ ခေါ်တဲ့ နိဗ္ဗာန်ကို ပြောတာ။

အဲဒီ နိဗ္ဗာန်ကို ဘယ်လမ်းကလျှောက်ရမလဲ ဆိုတာလဲ မြတ်စွာဘုရားသိတယ်။

ဒါကြောင့် မြတ်စွာဘုရားက လမ်းသိသူ လို့ သူ့ ကိုယ်သုဝန်ခံထားတာနော်။

( သစ္စာရွှေစည် ဆရာတော် )

Credit To : အနှိုင်းမဲ့စာတိုပေစများ

သင်္ချိုင်းနှင့် တူသော ပုဂ္ဂိုလ် အပြစ် ၅-မျိုး


ရဟန်းတို့ ! သင်္ချိုင်း အပြစ် ၅-မျိုးဟူသည်မှာ - 

၁။ မစင်ကြယ်။

၂။ မကောင်းသော အနံ့ရှိသည်။

၃။ ဘေးဘျမ်း ရှိသည်။

၎။ သရဲ သဘက်တို့ နေရာဖြစ်သည်။

၅။ လူပေါင်းများစွာ၏ ငိုကြွေးရာဖြစ်သည်။

ဤအတူသာလျှင် - သင်္ချိုင်းနှင့် တူသော ပုဂ္ဂိုလ် အပြစ် ၅-မျိုးဟူသည်မှာ -

သင်္ချိုင်နှင့် တူသော ပုဂ္ဂိုလ်အတွက်

၁။ မစင်ကြယ် ဟူသည်မှာ -

ကာယကံ, ၀စီကံ, မနောကံ မစင်ကြယ်ခြင်းပင်တည်း။

၂။ မကောင်းသော အနံ့ရှိသည် ဟူသည်မှာ -

သူ၏ မကောင်းသတင်း ထွက်ခြင်းပင်တည်း။

၃။ ဘေးဘျမ်းရှိသည် ဟူသည်မှာ -

သီလကို ချစ်ခင် မြတ်နိုးကြသည့် သီတင်သုံးဖော်တို့က ဝေးစွာ   ရှောင်ကြဉ်ခြင်းပင်တည်း။

၎။ သရဲ သဘက်တို့ နေရာဖြစ်သည် ဟူသည်မှာ -

ကာယ, ၀စီ, မနောကံ မစင်ကြယ်သူ၏ သဘောတူ ပုဂ္ဂိုလ်တို့နှင့် အတူ နေခြင်းပင်တည်း။

၅။ လူပေါင်းများစွာ၏ ငိုကြွေးရာဖြစ်သည် ဟူသည်မှာ -

"ငါတို့ သူနှင့် အတူ နေရခြင်းသည် စိတ်ဆင်းရဲဖို့ ကောင်းသည်" ဟု သီလချစ်မြတ်နိုးသူတို့က ထိုမစင်ကြယ်သူကို ရူတ်ချခြင်း ပင်တည်း။

ဆောင် - မစင်ကြယ်တောင်း၊ မကောင်းနံ့ထွက်၊ သဘက်နေရာ၊ ဘေးများစွာရှိ၊ ငိုသည့် နေရာ၊ ဤငါးဖြာ မှန်စွာ သင်္ချိုင်းအပြစ်များ။

( သိဝထိကသုတ် )

.............................

ရေစက်ချပြီးလှူက ကုသိုလ် သုံးမျိုးရ


အမေး။ ။ အလှူဒါနတစ်ခုပြုလျှင် အခြေအနေအရ ရေစက်ချလှူဒါန်းခြင်း မပြုနိုင်သောအလှူနှင့် ကိုယ်တိုင် ရေစက်ချပြီးလှူသောအလှူ အလှူနှစ်မျိုးတွင် အကျိုးသက်ရောက်မှု ကွာခြားခြင်း ရှိ - မရှိ ပြတ်ပြတ်သားသား သိချင်ပါ၍ လေးစားစွာဖြင့် မေးမြန်းပါသည်ခင်များ။

( မောင်ငြိမ်းချမ်း ) - အမှတ် - ၃၃၄ ၊ စာတိုက်လမ်း ၊ ညောင်တုန်းမြို့။

အဖြေ။ ။ အလှူဒါနပြုတဲ့အခါ ရေစက်မချဘဲ လှူတာနဲ့ ရေစက်ချပြီးလှူတာ နှစ်မျိုးဟာ ကွာခြားမှုရှိပါတယ်။ ကုသိုလ်ဟာ ဒါန ၊ သီလ ၊ ဘာဝနာ ၊ အပစာယန ၊ ဝေယျာဝိစ္စ ၊ ပတ္တိဒါန ၊ ပတ္တာနုမောဒန ၊ ဓမ္မဿဝနာ ၊ ဓမ္မဒေသနာ ၊ ဒိဋ္ဌိဇုကမ္မ လို့ (၁၀) မျိုး ရှိပါတယ်။ သည်ပုညကြိယဝတ္ထု (၁၀) ပါးရဲ့ အဓိပ္ပာယ်တွေကိုတော့ ဗုဒ္ဓဘာသာ လေ့လာလိုက်စားသူမှန်သမျှ အားလုံးလောက်ပဲ သိပြီးသားဖြစ်လို့ မဖော်ပြတော့ပါဘူး။ လိုရင်းလောက်ပဲ အဓိပ္ပာယ် ဖော်ပြသွားပါ့မယ်။ လိုရင်းလောက်ပဲ အဓိပ္ပာယ် ဖော်ပြသွားပါမယ်။

ဒါနဆိုတာ ပေးကမ်းလှူဒါန်းခြင်းပဲဆိုတာ အားလုံးသိပြီးသားပါပဲ။ အဲသည် ဒါနပြုတဲ့အခါ ရေစက်ချကြပါတယ်။ တချို့က မလိုပါဘူး ၊ ကိုယ်လှူပြီး , ပြီးတာပါပဲဆိုပြီး ကိုယ့်အလှူကို ကိုယ်သိပ်အလေးမထားဘဲ ခပ်ပေါ့ပေါ့သဘောမျိုးနဲ့ နေလိုက်တတ်ကြပါတယ်။

ရေစက်ချရာမှာ အစိတ်အပိုင်း သုံးခုရှိပါတယ်။

(၁) ပထမ မိမိ ဘာတွေ ဘာတွေ လှူဒါန်းပါတယ်လို့ ပရိတ်သတ်များ သိအောင် ၊ သိပြီး မုဒိတာသဘောထားရှိတဲ့ ပုဂ္ဂိုလ်များသာဓုခေါ် ဝမ်းမြောက်နိုင်ဖို့ ထုတ်ဖော်ပြောဆို ကြေငြာပါတယ်။ ကြွားဝါတဲ့ သဘောမျိုး မဟုတ်ပါဘူး။

(၂) ဒုတိယ သည်လိုလှူတဲ့ ကုသိုလ်စေတနာကြောင့် မိမိလိုတဲ့ဆုကို တောင်းပါတယ်။

(၃) မိမိပြုလုပ် ရရှိထားတဲ့ ဒါနကုသိုလ်ကို အခြားသူများလည်း မိမိလိုပဲ မိမိနဲ့အညီအမျှ ရရှိပါစေဆိုတဲ့ ဣဿာ မစ္ဆရိယကင်းကွာ ဖြူစင်သော စေတနာဖြင့် ပေးဝေပါတယ်။ သည်လို အမျှဝေတာကို ' ပတ္တိဒါန ' လို့ ခေါ်ပါတယ်။ အဲသည်လို အစိတ်အပိုင်း သုံးခုရှိပါတယ်။

အဲသည်လို ..... အမျှဝေတာကို တွေ့မြင်ကြားသိသဖြင့် ဝမ်းမြောက်နုမော် သာဓုခေါ်တာကို ' ပတ္တာနုမောဒန ' လို့ ခေါ်ပါတယ်။ အဲသည်လို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်တဲ့ပုဂ္ဂိုလ်ဟာလည်း အမျှဝေသူလိုပဲ ကုသိုလ်တွေ များစွာရရှိပါတယ်။ အမျှဝေတဲ့ ပုဂ္ဂိုလ်မှာလည်း မိမိရရှိထားတဲ့ကုသိုလ်ကို မျှတဝေငှလိုက်ရတဲ့အတွက် ကုသိုလ်တွေ လျော့နည်းမသွားဘဲ အဆများစွာ တိုးပွားသွားပါတယ်။

ဥပမာ ထွန်းထားတဲ့ ဖယောင်းတိုင်တစ်တိုင်က မီးကို အခြားဖယောင်းတိုင်များဖြင့် ကူးယူညှိထွန်းရာ မူလဖယောင်းတိုင်မီးမှာ အလင်းရောင် အရှိန်အဝါ လျော့နည်းမသွားတဲ့အပြင် နောက်ထပ် အရောင်အလင်းအကူညီရသဖြင့် ပိုပြီး လင်းလာသလို ပတ္တိဒါန ကုသိုလ်အပိုတွေ များစွာရရှိပါတယ်လို့ ကျမ်းဂန်များမှာ ဆိုပါတယ်။

သေပြီးနောက် ပြိတ္တာဖြစ်နေသူများကို ရည်စူးကုသိုလ်ပြုပြီး ကုသိုလ်အဖို့ကို အမျှပေးဝေလိုက်လို့ အဲသည်ပြိတ္တာက ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်လိုက်ရင် အငတ်ငတ်အပြတ်ပြတ် စားရမဲ့ သောက်ရမယ့် အလွန်ဆင်းရဲနေတဲ့ ဘဝကနေပြီး ချက်ချင်း နတ်စည်းစိမ်များလောက် ကြီးကျယ်တဲ့ စည်းစိမ်ချမ်းသာကြီးများကို ရရှိခြင်း အကျိုးကို ဒိဋ္ဌဓမ္မ လက်ငင်းရရှိတယ်လို့ ဆိုပါတယ်။ ဒါဟာ ရေစက်ချပြီး ပြုလုပ်တဲ့ ကုသိုလ်ကြောင့် ရရှိတဲ့ အကျိုးတွေပါပဲ။ ရေစက်မချဘဲ ပြုလုပ်တဲ့ ကုသိုလ်ကတော့ သည်လိုကြီးကျယ်များပြားတဲ့ အကျိုးတရားများကို မရရှိနိုင်ပါဘူး။ သည်လောက်ဆိုရင် ကုသိုလ်နှစ်မျိုး အကျိုးပေးကွာခြားခြင်းရှိ မရှိ သိလောက်ပါပြီ။

အချုပ်ပြောရရင် ရေစက်မချဘဲ လှူတဲ့အလှူက ဒါနကုသိုလ် တစ်မျိုးသာရပြီး ရေစက်ချပြီး လှူတဲ့အလှူက ဒါနကုသိုလ် ၊ ပတ္တိဒါနကုသိုလ် ၊ ပတ္တာနုမောဒနကုသိုလ် - သည်ကုသိုလ်သုံးမျိုးတို့ကို ရနိုင်ပါတယ်လို့ မှတ်သားရန် ဖြစ်ပါတယ်။

( ရတနာမွန်မဂ္ဂဇင်း ၊ အတွဲ - ၂၆ ၊ အမှတ် - ၃ )

ဆရာတော်ဟံသာသီရိ ဖြေဆိုသည်။

ဆရာတော်ဟံသာသီရိ ၏ ဗုဒ္ဓဝါဒဆိုင်ရာအမေးအဖြေများ စာအုပ် (တတိယ) တွဲမှ ကူးယူဖော်ပြပူဇော်ခြင်းဖြစ်ပါသည်။

Special Credit To : Ko BTNR

https://www.facebook.com/minmyat.thu.75/posts/321079884701749:0

မှ ကူးယူဖော်ပြပါသည်။

ဇနီးမယား(၇)မျိုးဆိုတာ


မြတ်စွာဘုရားရှင်သီတင်းတော်မူတဲ့ ဇေတဝန်ကျောင်းတော်ကြီးရဲ့ ကောင်းဒါယကာ အနာထပိဏ်သူဌေးကြီးမှာ သုဇာတာဆိုတဲ့ချွေးမတစ်ယောက်ရှိပါတယ်။ထိုသုဇာတာ သတို့သမီးက လင်ဖြစ်သူရဲ့ ပြောဆိုဆုံးမမှုကို မနာခံသလို၊ယောက္ခမဖြစ်သူရဲ့ ဆုံးမ စကားကိုလည်း ကလန်ကဆန်ပြန်လုပ်ပြီး ရန်တွေ့တတ်တယ်။ယောက္ခမနဲ့ လင်သား ကိုရိုသေရကောင်းမှန်းမသိဘူး။ဇနီးမယားဆိုးတစ်ယောက်လို့ပြောရမှာပါ။ ဒါကြောင့်အနာထပိဏ် သူဌေးကြီင်္းက သူရဲ့ချွေးမဟာ သူ့သားအတွက် ဘယ်လို ဇနီးမယားဖြစ်တယ်ဆိုတာသိလိုတာနဲ့ မြတ်စွာဘုရားရှင်ကို မေးမြန်းလျှောက်ထား ပါတယ်။ မြတ်စွာဘုရားရှင်က သုဇာတာ သင်သည် အဘယ်သို့သော ဇနီးမယားဖြစ်သည်ကို သိစေလိုတာနဲ့ ဇနီးမယား(၇)မျိုးကိုဟောတော်မူပါတယ်။ အဲဒီ(၇)မျိုးက  

(၁) ဝဓာ ဘရိယာ(လူသတ်ကောင်နှင့်တူသောမယား)

မိမိရဲ့လင်သားအပေါ်မှာ သနားငဲ့ညှာ ထောက်ထားခြင်းမရှိ၊အမြဲတန်း ပြစ်မှားတတ်ခြင်း၊ ဆူပူခြင်း၊ဆဲဆိုခြင်း၊ဆောင့်အောင့်ခြင်း၊အရွဲ့တိုက်ခြင်း၊မိမိရဲ့လင်သားမှ တစ်ပါးသော ယောင်္ကျားတို့ကိုချစ်ခင်နှစ်သက် ဖောက်ပြန်ခြင်းမိမလင်သားအပေါ်မချစ်ခင် မနှစ် သက်ခြင်း၊ ငွေနှင့်ဝယ်ထားသော ကျွန်ကို နှိပ်စက်သကဲ့သို့ လင်သားအားနှိပ်စက်သော မယားကို လူသတ်ကောင်နှင့်တူသော မယားလို့ခေါ်ပါတယ်။ထိုမယားမျိုးက မိန်းကလေး အနေနဲ့မဖြစ်အောင် ရှောင်ရမှာဖြစ်သလို ယောင်္ကျားလေးများလည်း မပေါင်းသင်းမိအောင်ရှောင်ကြဉ်ရမှာပါ။

(၂) စောရီ ဘရိယာ(ခိုးသူနှင့်တူသော မယား)။

လင်ယောင်္ကျားသည် အသက်မွေးဝမ်းကျောင်းအတတ်ပညာတစ်ခုခုဖြင့်ရှာဖွေ၍ သော်၎င်း၊ ကုန်သွယ်ခြင်းဖြင့်ရှာဖွေ၍သော်၎င်း၊စိုက်ပျိုးမွေးမြူရေးဖြင့် ရှာဖွေ၍သော်၎င်း၊ ရှာဖွေလို့ရတဲ့ငွေကြေးဥစ္စာကို (လင်ယောင်္ကျားအလုပ်လုပ်ပြီးရှာလို့ရတဲ့ငွေကို) လင်ယောင်္ကျားမသိအောင်ခိုးယူ သုံးဖြုန်းတတ်တဲ့မယားကို သူခိုးနှင့်တူသော မယားလို့ခေါ်ပါတယ်။ထိုမယားမျိုးကိုလည်း မိန်းကလေးအနေနဲ့မဖြစ်အောင် ရှောင်ရမှာ ဖြစ်သလို ယောင်္ကျားလေးများလည်း မပေါင်းသင်းမိအောင်ရှောင်ကြဉ်ရမှာပါ။

(၃)။အယျာ ဘရိယာ(သခင်နှင့်တူသောမယား)

လင်သားအပေါ်ပြုသင့်ပြုထိုက်သည့်အမှုတို့ကိုမပြုမူ၍ ပျင်းရိတတ်ခြင်း၊ အစားကြီးခြင်း၊ လင်ယောင်္ကျားကိုကျွန်လိုသဘောထားပြီး ကြမ်းတမ်း ရုန့်ရင်းစွာ မကောင်းသောစကား တို့နှင့် ပြောဆိုဆက်ဆံတတ်တဲ့ မယားကို သခင်နှင့်တူသော မယားလို့ခေါ်ပါတယ်။ ထိုမယားမျိုးကိုလည်း မိန်းကလေးအနေနဲ့မဖြစ်အောင် ရှောင်ရမှာဖြစ်သလို ယောင်္ကျားလေးများလည်း မပေါင်းသင်းမိအောင်ရှောင်ကြဉ်ရမှာပါ။

(၄) မာတာဘရိယာ(မိခင်နှင့်တူသောမယား)

မိခင်သည် သားသမီးများအပေါ် မေတ္တာ၊ကရုဏာ၊မုဒိတာ၊ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုတရားလေးပါးတို့နှင့်စောင့်ရှောက် ကျွေးမွေးသကဲ့သို့ လင်သားအပေါ် ထိုထိုသော စိတ်စေတနာတို့ဖြင့်ကျွေးမွေးစောင့်ရှောက်သော၊လင်ယောင်္ကျားရှာဖွေထားသော ပစ္စည်းဥစ္စာများကို မဖိတ်မစင်အောင် ထိန်းသိမ်းတတ်တဲ့မယားကို မိခင်နှင့်တူသော မယားလို့ခေါ်ပါတယ်။ထိုမယားမျိုးဖြစ်အောင် မိန်းကလေးများအနေနဲ့ ကြိုးစားရမှာဖြစ်သလို ယောင်္ကျားလေးများအနေနဲ့နှင့်လည်းပေါင်းသင်းထိုက်တဲ့ မယားမျိုးလို့ဆိုရမှာပါ။

(၅) ဘာဂိနီ ဘရိယာ(နှမနှင့်တူသောမယား)

နှမဖြစ်သူသည် မိမိရဲ့ အစ်ကို၊မောင်တို့အပေါ်မှာ ချစ်ခြင်း၊ကြောက်ခြင်း၊ရိုသေခြင်းများ ထားသကဲ့သို့ ဇနီးမယားသည်လည်း လင်သားအပေါ် ချစ်ခြင်း၊ကြောက်ခြင်း၊ရိုသေခြင်း၊ အရှက်သိက္ခာနှင့်ပြည်စုံ၍ လင်သားအား မည်သည့်နည်းနှင့်မျှ လင်သားအား ကလန်ကဆန် ဆန့်ကျင်ဘက်မလုပ်တဲ့မယားမျိုးကိုခေါ်တာပါ။ ထိုသို့သော ဇနီးမယားမျိုးဖြစ်အောင် မိန်းကလေးများအနေနဲ့ အတုယူရမှာဖြစ်သလို ယောင်္ကျားလေးအနေနဲ့လဲ ပေါင်းသင်းဆက်ဆံထိုက်တယ်ဆိုတာသိစေချင်ပါတယ်။

(၆) သခီ ဘရိယာ(အဆွေခင်ပွန်းနှင့်တူသော မယား)

နှစ်ပေါင်းကြာမြင့်စွာဝေးကွာနေတဲ့ မိတ်ဆွေသူငယ်ချင်းကို ရုတ်တရက်မြင်ရလိုက်လျှင် ဝမ်းမြောက်ဝမ်းသာဖြစ်သကဲ့သို့ လင်ယောင်္ကျားအပေါ်မှာလည်း ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခြင်း၊ဝမ်းမြောက်ဝမ်းသာဖြစ်ခြင်း၊အိမ်၌စွဲမြဲစွာနေ၍ အရပ်တစ်ပါးသို့ လင်မသိအောင်မသွားတတ်သော၊သီလစောင့်ထိန်း၍ လင်ယောင်္ကျားမှတစ်ပါးမည်သူ နှင့်မှ ဖောက်ပြန်ခြင်းမရှိခြင်း၊အမျိုးကိုစောင့်ထိန်းပြီး လင်ယောင်္ကျားအား မယားဝတ်တရားငါးပါးနှင့်အညီလုပ်ကျွေးတတ်တဲ့ မယားကိုခေါ်တာပါ။ ထိုသိုသော ဇနီးမယားကောင်းတစ်ဦးဖြစ်ရန် မိန်းကလေးများမှတ်သားနာယူသင့်သလို ယောင်္ကျားလေးများအနေနဲ့လည်း အိမ်ထောင်ဖက်ရွေးချယ်သင့်တဲ့ဇနီးမယား ဖြစ်ပါတယ်။

(၇)။ဒါသီ ဘရိယာ(ကျွန်နှင့်တူသောမယား)

ကျွန်ကောင်းတစ်ယောက်သည် သခင်အား ရိုသေစွာလုပ်ကျွေးပြုသကဲ့သို့ မိမိလင်သား က မိမိကိုဒေါသတရားနှင့်ဆက်ဆံသော်လည်း အမျက်ဒေါသမဖြစ်ခြင်း၊မပြစ်မှားခြင်း၊ ဆဲဆိုသောအကျင့်မရှိပဲသည်းခံတတ်ခြင်း၊လင်အား ချစ်ကြောက်ရိုသေစွာ လင်၏အလိုဆန္ဒကိုလိုက်လျောတတ်သော မယားကိုဆိုလိုတာပါ။ ကျွန်ဆိုးနဲ့တူတဲ့ မယားတော့မဖြစ်စေချင်ပါ။ ကျွန်ဆိုးတစ်ယောက်ကျတော့ ထိုကဲ့သို့မဟုတ်ပဲ သခင်ကွယ်ရာမှာ ထင်သလိုပြုမူတတ်သလို ဇနီးမယားကလည်း ယောင်္ကျားကွယ်ရာမှာ ယောင်္ကျားရှာဖွေထားသောပစ္စည်းဥစ္စာများကို သုံးဖြုန်းတဲ့ မယားတော့မဖြစ်စေချင်ပါ။ ကျွန်မှာ ထိုကဲ့သို ကျွန်ကောင်း၊ကျွန်ဆိုးရှိတယ်ဆိုတာသိစေချင်လို့ နှစ်မျိုးရေးပြလိုက်တာပါ။ 

ဆိုခဲ့တဲ့ ဇနီးမယား(၇)မျိုးအနက်က အမေနှင့်တူသော ဇနီး၊နှမနှင့်တူသော ဇနီး၊အဆွေခင်ပွန်းနှင့်တူသော ဇနီးများက လင်ယောင်္ကျားနှင့် အသက်ထက်ဆုံး နေထိုင်ခြင်း၊ သီလတရားနှင့်ပြည့်စုံသောကြောင့် သေလွန်သည့်အခါမှာ နတ်ပြည့်သို့ လားရောက်ရကြောင်း၊ 

သခင်နှင့်တူသောဇနီး၊ခိုးသူနှင့်တူသောဇနီး၊  လူသတ်ကောင်နဲ့ တူသောဇနီးမယားများကတော့ လင်ယောင်္ကျားအပေါ် မရိုမသေ မလေးမစားလုပ်ခြင်း၊ ဆဲဆိုပြစ်မှားခြင်း၊ဖောက်ပြန်ခြင်း၊မထီမျက်မြင်နှိပ်စက်စော်ကားခြင်းတို့ကြောင့်

သီလမရှိတဲ့ဇနီးများဖြစ်ကြတယ်လို့ဆိုရမှာ။ထိုထိုသောဇနီးမယားသေလျှင်

ငရဲသို့လားရောက်ရမည်ဆိုတဲ့အကြောင်းကိုမြတ်စွာဘုရားရှင်က သုဇာတာ အမျိုးသမီးကိုဟောတော်မူပါတယ်။

ထိုထိုသော ဇနီးမယား(၇)မျိုးထဲမှ "သုဇာတာ" သင်သည်အဘယ်သို့သောဇနီးမယား ဖြစ်ချင်သလဲလို့မေးတော့ သုဇာတာက ကျွန်ကောင်းတစ်ယောက်နှင့်တူသော ဇနီးဖြစ်အောင် ကျင့်ကြံပါမည်ဟုလျှောက်ထား ပါတယ်။ ဒီပိုစ့်လေးကိုဖတ်မှတ်ပြီး မိန်းကလေးများလည်း လူသတ်ကောင်နှင့် တူသောဇနီး၊ခိုးသူနှင့်တူသောဇနီး၊ သခင်နှင့်တူသော၊ ဇနီးမျိုးမဖြစ်အောင် အတုယူရမှာ လိုက်နာရမှာဖြစ်သလို ယောင်္ကျားလေးများအနေနဲ့လည်းမိမိရွေးချယ်မယ့် အိမ်ထောင်ဖက်ကို ထိုခိုးသူနှင့်တူသော၊လူသတ်ကောင်နှင့်တူသော၊သခင်နှင့်တူသော ဇနီးမယားမျိုးကို ရှောင်ကြဉ်ပြီး မိခင်နှင့်တူသော ၊နှမနှင့်တူသော၊အဆွေခင်ပွန်းနှင့်တူသော၊ ကျွန်ကောင်းတစ်ယောက်နှင့်တူသော မိန်းကလေးမျိုးကိုရွေးချယ်ရမည်ဆိုတဲ့ အကြောင်းကို သိစေချင်တာနဲ့ အသိပေးရေးသာလိုက်ရပါသည်။

အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။

အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်၊အိန္ဒိယနိုင်ငံ)

..................................................................................................

http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:122106 မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

ပရိတ်ရွတ်ဆိုခြင်း အကျိုးကျေးဇူးနှင့် ရှိသင့်သည့် အင်္ဂါရပ်များ


(ဘဒ္ဒန္တ ၀ါယမသာရ ဖြေဆိုသည်)

(မေး) (ပရိတ်ရွတ်ရာ၌)

အရှင်ဘုရား၊ ပရိတ်ကို အသံထွက် မရွတ်ဆိုဘဲ စိတ်ထဲက ရွတ်ဆိုခြင်းသည် အကျိုးအတူတူ ရ-မရ သိလိုပါသဖြင့် မေတ္တာရှေ့ထား၍ ဖြေကြားပေးတော်မူပါရန် ရိုသေစွာ လျှောက်ထားပါသည်ဘုရား။

(ဦးမောင်ဦး-တောင်ငူ)

(ဖြေ) ပရိတ်တရားတော်များသည် ရွတ်ဖတ်နာယူဖို့ရန် အဓိကဖြစ်ပါသည်။ ရွတ်ဖတ်နာယူရာ၌ပင် ရွတ်ဖတ်သူ၏အင်္ဂါနှင့် နာယူသူ၏တို့အင်္ဂါများ သတ်မှတ်ရာတွင် အင်္ဂါတခုအနေဖြင့် ပုဒ်၊ ပါဌ်၊ အက္ခရာ ပီသမှန်ကန်အောင် ရွတ်ဆိုရမည်ဟု ပါရှိသဖြင့် ရွတ်ဖတ်မှသာ ပရိတ်အကျိုးတရား အပြည့်အ၀ ရနိုင်ပါသည်။ စိတ်ဖြင့် (နှလုံးသွင်း ဆင်ခြင်ခြင်းဖြင့်) တရားနှလုံးသွင်း ဆင်ခြင်သော မနောကံကုသိုလ် ဖြစ်ပါသည်။

ပုဒ်၊ ပါဌ်၊ အက္ခရာ ပီသမှန်ကန်အောင် ရွတ်ဆိုပါလေ။

ရွတ်ဖတ်သူတို့၏ အင်္ဂါ ၃-ချက်ကား-

(၁) ပုဒ်၊ ပါဌ်၊ အက္ခရာ ပီသမှန်ကန်အောင် ရွတ်ဆိုခြင်း။

(၂) အနက် အဓိပ္ပါယ်ကို သိရှိနားလည်ခြင်း။

(၃) ပရိတ်နာယူသူတို့အပေါ် မေတ္တာကရုဏာရှိခြင်းတို့ ဖြစ်ပါသည်။

နာယူသူတို့၏ အင်္ဂါ ၃-ချက်ကား-

(၁) ပဉ္စာနန္တရိယကံကြီး ၅-ပါးမှ လွတ်ကင်းခြင်း။

(၂) နိယတမိစ္ဆာဒိဋ္ဌိ အယူမှား မရှိခြင်း။

(၃) ပရိတ်တရားတော်ကို အလေးအနက် ယုံကြည်ခြင်းတို့ ဖြစ်သည်။

ဤအင်္ဂါ ၆-ပါးနှင့် ပြည့်စုံမှ ပရိတ်တန်ခိုးတော် ထက်မြက်ပါသည်။

....................................

သရဏဂုံတစ်ခဏ နတ်ပြည်တစ်ဘဝ


နေက တဖြည်းဖြည်းမြင့်လာပြီဖြစ်တဲ့အတွက် ကျွန်ုပ်ကိုယ်မှာ ချွေးသံတွေတရွှဲရွှဲဖြစ်လို့လာသည်။ နောက်ထပ် နှစ်မိုင်လောက်လျှောက်လိုက်လျှင်တော့ ရှေ့တည့်တည့်မှ မြင်နေရသော တောအုပ်ကို ရောက်ပေလိမ့်မည်။ ထိုတောအုပ်ရောက်မှပဲ အမောအပန်းဖြေကာ ပါလာသောရိက္ခာထုပ်ကိုစားတော့မည်ဟူသော အတွေးဖြင့်အသွားနှုန်းကို အနည်းငယ်မြှင့်တင်လိုက်မိသည် ။

ကျွန်ုပ်၏ အမည်က ဆတ္တ ၊ ဘာသာက ဗြာဟ္မဏ (ဟိန္ဒူ) ဘာသာ ၊ ဇာတိက သေတဗျမြို့ ၊ ယခုသွားနေသည်က တက္ကသိုလ်ပြည်က ဒိသာပါမောက္ခဆရာကြီးထံ ပညာသင်ခ အသပြာတစ်ထောင်ပူဇော်ရန် တောအုပ်လေးထဲရောက်ခါနီး မိုင်ဝက်လောက်အလိုတွင် လွင်တီးခေါင်၌ စင်္ကြလျှောက်နေသော အသက်ကြီးကြီး ရဟန်းတစ်ပါးကို တွေ့လိုက်ရသည် ။

ဘာသာချင်းမတူသည်မို့ မသိချင်ယောင်ဆောင်ကာ ဆက်လျှောက်သွားမည် အပြုတွင် -

"ချစ်သား ဆတ္တ ၊ အဘယ်အရပ်သို့ ခရီးဆက်မလို့ပါလဲ" ဟူသော အကျွန်ုပ်ရဲ့အမည်ကို ခေါ်ပြီး နှုတ်ဆက်မေးမြန်းလိုက်တဲ့ အသံကြောင့် ခေတ္တရပ်ပြီး ပြန်လည်ဖြေကြားရပါတော့တယ်။ တောအုပ်ထဲ မြန်မြန်ရောက်ချင်နေတာဆိုတော့ စိတ်ကတော့ တိုချင်ချင်ပဲ။

"တက္ကသိုလ်က ဒိသာပါမောက္ခဆရာကြီးကို ဉာဏ်ပူဇော်ခ ကန်တော့ရအောင် သွားမလို့ပါ ရဟန်းကြီး"

"သင် - ချစ်သားအတွက် အပန်းမကြီးဘူးဆိုရင် ငါဘုရားထံမှာ သရဏဂုံသုံးပါး ဆောက်တည်သွားပါလား"

သြော် - လက်စသတ်တော့ ဂေါတမဗုဒ္ဓကိုယ်တော် ဖြစ်နေပါလား ၊ ဘုရားဆိုရင် ကုဋေများစွာတန်တဲ့ ကျောင်းတိုက်ကြီးမှာ သူဌေးတွေ ဘုရင်တွေရဲ့ အကိုးအကွယ်ခံပြီး အေးအေးဆေးဆေးနေမယ်ထင်နေတာ အခုတော့ ဒီလိုမဟုတ်ပါလား။

လူသူမရှိတဲ့ တောကြီးမျက်မည်းထဲထိလာပြီး သာသနာပြုရှာပါလား ၊ ပြီးတော့ ကျွန်ုပ်ထင်ထားတာက သူ့အယူဝါဒကိုလက်ခံတဲ့ ဗုဒ္ဓဘာသာတွေလောက်သာ မေတ္တာကရုဏာ ထားမယ်ထင်တာ ၊ အခုတော့ ဒီလိုမဟုတ်ဘဲ ဘာသာခြားဖြစ်တဲ့ ကျွန်ုပ်လိုသာမာန်ပုဂ္ဂိုလ်တစ်ယောက် အပေါ်မှာတောင် မေတ္တာကရုဏာထားပြီး လာရောက်နှုတ်ဆက်မေးမြန်းတရားဟောရှာပါလားဆိုတဲ့ အတွေးကြောင့် လေးစားရိုသေတဲ့စိတ်တွေ အလိုလိုပေါ်လာပြီး ကျွန်ုပ်ခြေထောက်တွေ အလိုလိုဒူးထောက်ပြီးသား ဖြစ်သွားတယ်။

ဘာသာခြားဖြစ်တော့ သရဏဂုံကို ချက်ချင်းမဆောက်တည်သေးဘဲ နည်းနည်းတော့ စောဒက တက်လိုက်မိသေးတယ်။

"အရှင်ဂေါတမ - အဲသလို သရဏဂုံ တည်ဆောက်တဲ့အတွက် ကျွန်ုပ်မှာ ဘယ်လိုကောင်းကျိုးတွေ ခံစားလာနိုင်ပါသလဲ"

"ချစ်သား ဆတ္တ - ချစ်သားကို ငါဘုရား ပြန်မေးပါ့မယ် ၊ သင်ချစ်သား သဘောပေါက်သလို ဖြေနိုင်ပါတယ် ၊ သင်ချစ်သား ဘယ်အသက်အရွယ်မှာ သေမယ်လို့ ကြိုတင်သိပါသလား"

"မသိနိုင်ပါ အရှင်ဘုရား"

"ဘယ်အနာရောဂါနဲ့ သေရမယ်ဆိုတာရော ကြိုတင်သိနိုင်ပါသလား"

"မသိနိုင်ပါ အရှင်ဂေါတမ"

"နံနက် ၊ နေ့လယ် ၊ ည ဘယ်ကာလမှာ သေမယ်လို့ရော ကြိုတင်သိနိုင်ပါသလား"

"မသိနိုင်ပါ အရှင်ဂေါတမ"

"သေပြီးနောက် ဘယ်သင်္ချိုင်းမှာ သ င်္ဂြိုဟ်မယ်ဆိုတာရော ကြိုသိနိုင်ပါသလား"

"မသိနိုင်ပါ အရှင်ဂေါတမ"

"သေပြီးနောက် ဘယ်ဘုံရောက်မယ်လို့ရော ကြိုတင်သိနိုင်ပါသလား"

"မသိနိုင်ပါ အရှင်ဂေါတမ"

"ချစ်သားဆတ္တ - ပုထုဇဉ်မှန်သမျှ အဲဒီအခြင်းအရာ ငါးမျိုးကို ဘယ်သူမှ ကြိုတင်ပြီးမသိနိုင်ပါဘူး ၊ အကယ်၍ အသင်ချစ်သားအနေနဲ့ ငါဘုရားထံမှာ သရဏဂုံသုံးပါး ဆောက်တည်ပြီးလို့ အဲဒီသရဏဂုံမြဲသွားပြီဆိုရင်တော့ ဘယ်ချိန်ချိန်သေသေ ပုထုဇဉ်တိုင်းကြောက်ရွံတဲ့ အပါယ်လေးဘုံ မရောက်တော့ဘူး"

"အို - သရဏဂုံဆိုတာ သံသရာအတွက်ပါ အားကိုးရတဲ့ တရားကြီးပါလား ၊ ကျွန်ုပ်သိပ်ပြီးတော့ အားရဝမ်းသာဖြစ်သွားပါတယ်။ ပြီးတော့ မြတ်စွာဘုရားက ဒီတောနက်ကြီးထဲထိရောက်အောင်ကြွပြီး ကျွန်ုပ်လို သာမန်

ဘာသာခြားတစ်ယောက်ကို တရားဟောတယ်ဆိုတာ ထူးခြားတဲ့အကြောင်းတစ်ခုရှိရမယ်ဆိုတာတော့ ကျွန်ုပ် သေသေချာချာ သတိထားလိုက်မိပါတယ်။

ဒါ့ကြောင့်လည်း ကျွန်ုပ်ဘုရားရှင်ထံမှာ သရဏဂုံသုံးပါးကို လေးလေးစားစား ဆောက်တည်ပြီး ဗုဒ္ဓဘာသာအဖြစ်ကိုခံယူလိုက်ပါတယ်။ ပြီးတော့ ကျွန်ုပ်တို့ လူမျိုးတွေရဲ့ အဆုံးအမစကားလေး တစ်ခုရှိတယ် ၊ အဲဒီစကားလေးက -

"အလုပ်တစ်ခုကို အတ္တဟိတလား ၊ ပရဟိတလားဆိုတာ ခွဲခြားသိချင်ရင် အဲဒီအလုပ်အပေါ်မှာ မေတ္တာစေတနာ ဘယ်လောက်ပါသလဲ ဆိုတဲ့ ပေတံနဲ့ပဲတိုင်းတာရမယ်" တဲ့။

အခု ရှင်တော်မြတ်ဘုရားကိုယ်တိုင် ဒီတောနက်ကြီးထဲထိ ကြွလာပြီး တရားဟောတယ်ဆိုကတည်းက ကျွန်ုပ်အပေါ်မှာထားတဲ့ မေတ္တာစေတနာထုထည် ဘယ်လောက်ထိ ကြီးမားတယ်ဆိုတာ ထင်ရှားနေပါပြီ။ ကိုယ့်ဘာသာဝင်ဦးရေ တိုးပွားရုံသက်သက် ကတော့ မြို့ပေါ်မှာ အသားကျနေပြီး ဆွဲဆောင်လဲဖြစ်တာပဲ မဟုတ်ပါလား။

နောက်တစ်ချက်က ဗုဒ္ဓရဲ့မျက်နှာတော်မှာထင်နေတဲ့ မေတ္တာကရုဏာ စေတနာဟာ ဘာသာလူမျိုး မခွဲခြားဘူးဆိုတာ ကျွန်ုပ်ရင်ထဲက အလိုလိုသိနေတယ်လေ။ ကြည်ညိုသပ္ပာယ်စရာကောင်းလှတဲ့ ဗုဒ္ဓရဲ့မျက်နှာတော်ကို အားရပါးရ ဖူးမျှော်ကန်တော့ပြီး ကျွန်ုပ်ရဲ့ရှေ့ခရီးကို ဆက်ခဲ့ရပါပြီ။ ဗုဒ္ဓရှင်တော်လဲ မိုင်ပေါင်းများစွာဝေးတဲ့ ဇေတဝန်ရွှေကျောင်းကို ပြန်ကြွတော်မူခဲ့ပြီပေါ့။

ကျွန်ုပ်နားဖို့ရည်ရွယ်ထားတဲ့ တောအုပ်အစပ်ကို ဝင်လိုက်တယ်ဆိုရင်ပဲ ဗုဒ္ဓရှင်တော်မြတ် ကျွန်ုပ်ဆီကို ဘာကြောင့် ကြွလာရတယ်ဆိုတဲ့အဖြေကို ကျွန်ုပ်သိလိုက်ရပါပြီ။ တခြားဟုတ်ပါရိုးလား ၊ ကျွန်ုပ်လာမယ့်သတင်းကို ကြိုရထားတဲ့ ခိုးသားဓားပြငါးရားတို့ ကျွန်ုပ်ကိုမြင်တာနဲ့ တပြိုင်နက် အဆိပ်လူးမြှားတွေနဲ့ ဝိုင်းပြစ်လိုက်ကြတာ ။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။

ဓမ္မံ သရဏံ ဂစ္ဆာမိ ။

သံဃံ သရဏံ ဂစ္ဆာမိ ။

လို့ သရဏဂုံဆောက်တည်ရင်းပဲ ကျွန်ုပ်ဆတ္တတစ်ယောက် ဝိညာဉ်စဲလို့ သေပွဲဝင်ခဲ့ရပါပြီကော။ ဒါပေမယ့် ကျွန်ုပ်ဝမ်းမနည်းမိဘူး ၊ ဘာကြောင့်လဲဆိုတော့ ငွေတစ်ကျပ်ဆုံးရှုံးရပေမယ့် ကုဋေပေါင်းများစွာ ပြန်ရတဲ့လူတစ်ယောက်လို လူ့ဘဝကဆုံးရှုံးသွားရပေမယ့် သေခါနီးမှာကပ်ပြီး ဆောက်တည်ခဲ့တဲ့ သရဏဂုံကုသိုလ်ကြောင့် လူ့သက်နဲ့ဆိုရင် နှစ်ပေါင်း သုံးကုဋေနဲ့ အနှစ်ခြောက်သန်းအသက်ရှည်တဲ့ တာဝတိံသာနတ်ပြည်ကို ရောက်ခဲ့ရလို့ပဲ။ ကျွန်ုပ်လို ဘာသာခြားတစ်ယောက်ကိုတောင် သေခါနီးလေးမှာကပ်ပြီး ဆောက်တည်တဲ့ သရဏဂုံကုသိုလ်က တာဝတိံသာနတ်ပြည်ထိ ပို့ပေးနိုင်ရင် နေ့တိုင်းသရဏဂုံဆောက်တည်နေတဲ့ ဗုဒ္ဓဘာသာဝင်တွေကတော့ ကျွန်ုပ်ထက်သာလွန်တဲ့ နတ်ဘုံတွေကို ရောက်မှာပဲလို့ ခဏခဏတွေးကြည့်နေမိတာပါပဲ။

မှတ်ချက်။ ။ ဝိမာနဝတ္ထုအဋ္ဌကထာ ၊ ဆတ္တမာဏဝ ဝတ္ထုကို မှီငြမ်းပြု ရေးဖွဲ့ပါသည်။

BTNR မှ ဆရာတော်အရှင်ဇဝန ( မေတ္တာရှင် - ရွှေပြည်သာ ) ၏ သရဏဂုံအစွမ်းအံ့မခန်းဖြစ်ရပ်ဆန်းများ စာအုပ်မှ ကူးယူဖော်ပြပူဇော်ခြင်း ဖြစ်ပါသည် ။

ဘိက္ခူနီ သာသနာ နှင့် ၀န်ခံဂတိ (၈) မျိုး


ရှင်အာနန္ဒာ ရှေ့နေလိုက်ပြီး မဟာပဇာပတိဂေါတမီနဲ့ အပေါင်းအပါတွေကို 

သာသနာတွင်းဝင်ရောက်ခွင့်ပြုဘို့၊ ဘိက္ခုနီ (ရဟန်းမ) အဖြစ်လက်ခံဘို့ 

သုံးကြိမ် သုံးခါ လျှောက်တာတောင် မြတ်စွာဘုရားက ငြင်းပယ်ခဲ့ပါတယ်။

ဒီတော့ ရှင်အာနန္ဒာ စိတ်ရှည်ဟန်မတူတော့ပါဘူး။

အရှင်ဘုရားပြောတဲ့ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာတို့ဆိုတာ

ယောက်ကျားတွေပဲ ဖြစ်နိုင်တာလား။ မိန်းမသားတွေ မဖြစ်နိုင်တော့ဘူးလားလို့

မေးခွန်းထုတ်ပါတယ်။

ဖြစ်နိုင်ပါတယ် အာနန္ဒာ လို့ မြတ်စွာဘုရားက ပြောတော့ … ဒါနဲ့များ အရှင်ဘုရားရယ် … မိန်းမသားတွေကို သာသနာ့ဘောင်တွင်း ၀င်ဘို့ ခွင့်ပြုသင့်တာပေါ့။ ရဟန်းမ ၀တ်ခွင့်ပြုသင့်တာပေါ့၊ နောက်ပြီး မဟာပဇာပတိဂေါတမီဆိုတာလည်း တခြားလူမှ မဟုတ်တာ၊ 

အရှင်ဘုရားကို ငယ်စဉ်ကတည်းက မိရင်းပမာ နို့တိုက်မွေးမြူ စောင့်ရှောက်လာခဲ့သူပဲ။ 

ဒါတွေကိုလဲ ငဲ့ညှာထောက်ထားအုံးမှပေါ့လို့ ရှင်အာနန္ဒာ ရှေ့နေအလိုက်ကောင်းတော့

မြတ်စွာဘုရားက အမျိုးသမီးတွေကို သာသနာ့ဘောင်ဝင်ရောက်ခွင့်ပြုလိုက်ပါတယ်။

ဘိက္ခူနီ (ရဟန်းမ) ပြုခွင့် ပေးလိုက်ပါတယ်။

ဒါပေမဲ့ ၀န်ခံဂတိတွေနဲ့။

မြတ်စွာဘုရားက အမျိုးသမီးတွေကို သာသနာ့ဘောင်ဝင်ရောက်ခွင့်

ရဟန်းမ ပြုခွင့်ပေးဘို့ မဟာပဇာပတိဂေါတမီအပါအ၀င် အမျိုးသမီးထုထံမှ

ဝန်ခံဂတိ (၈) မျိုး တောင်းဆိုပါတယ်။ ဒီဝန်ခံဂတိ (၈) မျိုးကို အမျိုးသမီးများအနေနဲ့ လိုက်နာနိုင်မှသာ သာသနာ့ဘောင်ဝင်ရောက်ခွင့် ရဟန်းမ ပြုခွင့်ပေးမယ်လို့ အတိအလင်းပြောဆိုပါတယ်။

အမျိုးသမီးများလိုက်နာရမည့် ၀န်ခံဂတိ (၈) မျိုးကို သာမန်ဖတ်ကြည့်လိုက်ရင်

မြတ်စွာဘုရားရဲ့ မဟာကရုဏာတော်ကိုတောင် သံသယ၀င်မိမှာပါ။ ဒါ့အပြင် မြတ်စွဘုရားဝါဒကို (ယောက်ကျားအသာစီးရ) မဟာပုရိသ၀ါဒသမားကြီးလို့

စွပ်စွဲကောင်းစွပ်စွဲနိုင်ပါတယ်။

ဗုဒ္ဓဘာသာဝင်ဖြစ်သူ အမေရိကသူတစ်ဦးက သူ့ရဲ့စာအုပ်မှာ ဒီဝန်ခံဂတိ (၈) မျိုးကို 

မြတ်စွာဘုရားဟောထားတာ မဖြစ်နိုင်ကြောင်း၊ နောက်ပေါ် ရဟန်းတော်တစ်ပါးပါးက ထည့်သွင်းခဲ့တာ ဖြစ်နိုင်ကြောင်း၊ မြတ်စွာဘုရားအနေနဲ့ကတော့ 

ဒီလောက်ကြီး မိန်းမ ယောက်ကျားခွဲခွဲခြားခြား ဆက်ဆံမှာ မဟုတ်ကြောင်း

ရေးထားတာကို ဖတ်ဖူးပါတယ်။ သူရေးတဲ့ စာအုပ်အတိအကျ မညွှန်းနိုင်တာကိုတော့ 

အတော်လေး စိတ်မကောင်းဖြစ်မိပါတယ်။

ကဲ၊ ၀န်ခံဂတိ (၈) မျိုးကို ဖတ်ကြည့်ရအောင်။

(၁) ၀ါတော်တစ်ရာရပြီးသော အမျိုးသမီးရဟန်းမ (ဘိက္ခုနီ) က 

ဒီကနေပဲ ရဟန်းဖြစ်လာတဲ့ ရဟန်းဘောင်ရောက်လာတဲ့ ရဟန်းသစ်ကို ရှိခိုးရမယ်၊ ခရီးဦးကြိုဆိုရမယ်၊ လက်အုပ်ချီ အရိုအသေပြုရမယ် တဲ့။

ဒါကို ထပ်ရှင်းအောင်ပြောရရင် အဖွားအရွယ်လောက်ရှိနေပြီဖြစ်တဲ့ ရဟန်းမကြီးက

ဒီကနေ့ပဲ ရဟန်းဖြစ်လာတဲ့ မြေးအရွယ် ဦးဇင်းငယ်ငယ်လေးကို ရှိခိုးရမယ်တဲ့။

သူလဲ သာသနာတော်တွင်းရောက်နေတဲ့သူ။ ငါလဲ သာသနာတော်တွင်းရောက်နေတဲ့သူ

သူက ဒီနေ့မှ (အခုမှ) ရောက်လာတာ။ ငါကဖြင့် ၀ါ (၆၀) တောင် ရှိပြီ။

ဒါကို ငါက သူ့ကို ရှိခိုးရအုံးမတဲ့။ တရားသလား။

အမျိုးသမီး (ရဟန်းမ) ဘက်က စဉ်းစားစရာပါ။

(၂) (အမျိုးသမီး) ရဟန်းမတွေ (အမျိုးသား) ရဟန်း မရှိတဲ့နေရာမှာ

ဝါဆိုခြင်း၊ ၀ါကပ်ခြင်း မလုပ်ရဘူးတဲ့။

ဒါကတော့ ရှင်းပါတယ်။ စောဒကတက်ဖွယ် မရှိပါဘူး။ 

အဲ့ဒီခေတ် လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ ကျော်တုန်းက 

ဘုရားရှင်နေခဲ့တဲ့ အိန္ဒိယနိုင်ငံ ဒေသတွေမှာ

ဒီလို ဒီလောက် သာသာယာယာ အိုးနဲ့ အိမ်နဲ့ မနေနိုင်လောက်သေးပါဘူး။

ဘ၀လုံခြုံမှု အပြည့်အ၀ မရရှိနိုင်သေးပါဘူး။ သားရိုင်းတိရိစ္ဆာန်တွေရဲ့ ရန်နဲ့ လူဆိုးသူခိုးတွေရဲ့ ရန်တွေဟာ ရှိနေမှာ အမှန်ပဲ။ ဒါ့ကြောင့် (အမျိုးသမီး) ရဟန်းမတွေ ဘုန်းကြီးတွေနဲ့ ဝေးတဲ့နေရာမှာ မနေတာ အကောင်းဆုံးပဲလို့ ဘုရားမြင်မိတာ နေမှာပါ။

(၃) ရဟန်းမတွေ လပြည့် လကွယ် ဥပုသ်နေ့တွေမှာ ရဟန်းတော်တွေထံ သွားပြီး

ဥပုသ်ပြုခြင်းကိစ္စ တောင်းဆို (တောင်းပန်) ရပါမယ်။ ဒီလိုတောင်းဆိုလာရင် ရဟန်းတော်တွေက သွားပြီး ဆုံးမစကားပြောကြားရပါမယ်။

ဒါကလဲ စဉ်းစားစရာ အချက်ပဲ။ ရဟန်းမတွေဘက်က ကြည့်ရင် နစ်နာတယ်။ သူတို့က ဘုန်းကြီးတွေဆီသွားရမယ်။ တောင်းဆိုရမယ်၊ အဆုံးအမ ခံရမယ်။ ဘုန်းကြီးတွေက အသာစီးဘက်ကချည်းပဲ။ ပညာတတ်ပြီး အသိဥာဏ်ကြီးတဲ့သူတွေဆီက ဆုံးမခံရမှာပါ။ ပညာတတ်ပြီး အသိဥာဏ်ကြီးတဲ့သူဆိုတာ ယောက်ကျားလဲ ဖြစ်နိုင်ပါတယ်။ မိန်းမလဲ ဖြစ်နိုင်ပါတယ်။

(၄) ၀ါကျွတ်လို့ ပ၀ါရဏာပွဲ လုပ်တဲ့အခါ ရဟန်းမတွေချည်းသက်သက် လုပ်လို့မရဘူးတဲ့။ ရဟန်းတွေပါ ပါမှဖြစ်မယ်တဲ့။

ပ၀ါရဏာပွဲဆိုတာ ၀ါကျွတ်ရင် ကျင်းပရတာ။ 

ပ၀ါရဏာရဲ့ အဓိပ္ပါယ်က ဖိတ်မန်ခြင်း။

ဝါကျွတ်တဲ့သီတင်းကျွတ်လပြည့်နေ့မှာ

ရဟန်းတစ်ပါးနဲ့တစ်ပါး အပြစ်ရှိတယ်လို့

မြင်ရင် ကြားရင် သံသယရှိရင် ပြောပါလို့  ဖိတ်ကြားတာ။

ဒီလိုဖိတ်တာကို ပ၀ါရဏာပွဲလို့ခေါ်တာ။

ဒီပ၀ါရဏာပွဲကို ရဟန်းတွေကြတော့ ရဟန်းမ မပါပဲ လုပ်လို့ရပြီး

ရဟန်းမ တွေကြတော့ ရဟန်း မပါပဲ လုပ်လို့မရပြန်ဘူး။ 

(အမျိုးသမီး) ရဟန်းမတွေဘက်က ကြည့်ရင် ဒါကော တရားသလား။

(၅) ရဟန်းမတွေ အပြစ်ကြီးတစ်ခုခု ကျူးလွန်လို့ ကုစားတဲ့အခါ

ရဟန်းနဲ့ ရဟန်းမတွေရဲ့ ရှေ့ မှာ ကုစားရမယ်တဲ့။ ရဟန်းတွေ အပြစ်ကြီးကျူးလွန်လို့ ကုစားရင်တော့ ရဟန်းမ ပါစရာမလိုဘူး။ 

ဒါလဲ ရိုးရိုးလေးတွေးရင် ရဟန်းမ တွေဘက်က မကျေနပ်စရာပဲ။

(၆) (ကိုရင်မ) သာမဏေရီကို သက်ဆိုင်ရာ စည်းကမ်းတွေသင်ကြားပေးပြီးလို့ အချိန်တန်လို့ ရဟန်းမ ဘောင် ၀င်ရောက်ခွင့်ပြုမယ်ဆိုရင် ရဟန်းမ လုပ်ပေးတော့မယ်ဆိုရင် ရဟန်းမတွေထံမှာလဲ သိမ်ဝင်ရပါမယ်၊ ရဟန်းတော်တွေထံမှာလဲ သိမ်ဝင်ရပါမယ်တဲ့။ ဒါ့ကြောင့် ရဟန်းမ ဖြစ်ဘို့ ရဟန်း၊ ရဟန်းမ ၂ မျိုးလုံး ရှိရပါမယ်တဲ့။

ခုခေတ်မှာ ဘိက္ခုနီ (ရဟန်းမ) တွေ မရှိတော့ဘူး၊ ပြတ်စဲသွားပြီ၊ ကွယ်ပျောက်သွားပြီဖြစ်လို့ ဘိက္ခုနီ (ရဟန်းမ) ၀တ်လို့ မရတော့ဘူးလို့ ပြောကြတယ်။

ဘိက္ခုနီ (ရဟန်းမ) တွေ ကွယ်ပျောက်ရတာဟာ နိုင်ငံရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုအခြေခံတွေကြောင့်လို့ ယေဘုယျဆိုနိုင်ပါတယ်။ နိုင်ငံရေးမတည်ငြိမ်လို့ ပြည်တွင်းမှာသံဃာတွေ စာပေပို့ချတရားအားထုတ်ပြီး ငြိမ်းချမ်းစွာမနေနိုင်တဲ့အတွက် 

ကျောင်းတိုက်ကြီးတွေ ဖရိုဖရဲဖြစ်ရတာ၊ ဒကာဒကာမတွေနဲ့ ရဟန်းသံဃာတော်တွေရဲ့ထောက်ပံ့မှု အားနည်းတာ၊ ၀ိနည်းသိက္ခာပုဒ်တွေ တင်းကျပ်လွန်းတာ၊ တစ်ချိန်တည်းမှာ ဘာသာခြားတွေရဲ့ ထိုးနှက်မှု ခံရတာတွေကြောင့်လို့ အဓိပ္ပာယ်ဖော်နိုင်ပါတယ်။ 

သီရိလင်္ကာဘုရင် ပဉ္စမ ကဿပမင်း (အေဒီ၉၂၉-၉၃၉)ရဲ့ မိဖုရား ၀ဇိရာဒေ၀ီက 

ထေရ၀ါဒ ဘိက္ခုနီ (ရဟန်းမ) တွေကို ကျောင်းတိုက်ဆောက်လုပ်လှူဒါန်းတဲ့ 

မှတ်တမ်း (မဟာဝံသ ၅၂း၆၃) အရ အေဒီ ၁၀ ရာစုလောက်ထိ 

ဘိက္ခုနီတွေ တည်ရှိခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ 

မဟိန္ဒမင်းလက်ထက် (အေဒီ ၁၀၁၇) အိန္ဒိယတောင်ပိုင်းက တမီလ်လူမျိုးတို့ 

သီရိလင်္ကာကို ၀င်ရောက်တိုက်ခိုက်တဲ့အခါ ဗုဒ္ဓသာသနာ အကြီးအကျယ်ဖျက်ဆီးခံရလို့ (မဟာဝံသ ၅၅း၂၀-၂၃) ဘိက္ခုနီ (ရဟန်းမ) တွေရှားပါးသွားရာကနေ အေဒီ ၁၁ ရာစု နောက်ပိုင်းမှာ ဘိက္ခုနီ (ရဟန်းမ) အဆက်ပြတ်သွားခဲ့ပုံပါပဲ။

အေဒီ ၁၁ ရာစုဆိုတော့ ပုဂံခေတ် သာသနာစတင်ထွန်းကားချိန်၊ 

စည်ပင်ချိန်၊ ပြန့်ပွါးချိန်ပေါ့။ အဲဒီအချိန်လောက်ကတည်းက ရဟန်းမတွေ မရှိကြတော့ပါဘူး။

ဒီ နံပါတ် (၆) ၀န်ခံဂတိအရဆိုရင် အခုခေတ် ဘယ်လိုနည်းနဲ့မှ 

ရဟန်းမ ၀တ်လို့ မရတော့ပါဘူး။ သို့သော်လည်း အခုခေတ်မှာ ရဟန်းမ ပြန်ဝတ်ဖို့ ပြန်လည်ရှင်သန်ဘို့အတွက် နည်းအမျိုးမျိုးနဲ့ ကြိုးစားနေကြတယ်ဆိုတာ သိရပါတယ်။

ဒါနဲ့စပ်လို့ ၁၉၉၉-၂၀၀၀ - ခုနစ် သီရိလင်္ကာနိုင်ငံ၊ မဟာဝိဇ္ဇာတန်းတုန်းက အတူတူ တက်ခဲ့တဲ့ မြန်မာပြည်က သီလရှင်ကို သတိရမိတယ်။ ကိုယ်နဲ့သူနဲ့က မဟာဝိဇ္ဖာတန်းကို အတူတူ တက်ရပြီး အတူတူအောင်ကြတယ်။ 

ကိုယ်လဲ ဂုဏ်ထူးနဲ့။ သူလဲ ဂုဏ်ထူးနဲ့ အောင်တာပါ။ ဂုဏ်ထူးနဲ့အောင်တာဆိုတော့ ဂုဏ်မထူးဘဲ အောင်တာနဲ့စာရင် တော်တယ်လို့ပဲ ပြောရမှာပေါ့။

(မှတ်ချက်။ ကိုယ်တော်တာ ပြောချင်တာမဟုတ်။ သီလရှင်တော်တာပြောချင်တာ။)

ကိုယ်ကတော့ သီရိလင်္ကာက မဟာဝိဇ္ဇာအောင်ပြီးတာနဲ့ အိန္ဒိယနိုင်ငံ၊ ဘုံဘေ (Now Mumbai) မှာ PhD ဆက်တက်ဖြစ်တယ်။ သူကတော့ မဟာဒဿနိကတန်း (M.Phil) သီရိလင်္ကာမှာပဲ ဆက်တက်မယ်ဆိုပြီး ကျန်နေခဲ့ပါတယ်။

အိန္ဒိယရောက်နေပေမဲ့ သီရိလင်္ကာက သတင်းတွေတော့ ကြားနေရဆဲပဲ။

တစ်ခုသော သတင်းက ထိုသီလရှင်တစ်ယောက် ဘိက္ခုနီ (ရဟန်းမ) လုပ်သွားပြီဆိုတာပဲ။

ဆက်ကြားရတဲ့သတင်းက ရဟန်းမ လုပ်သွားပြီး မြန်မာပြည်ပြန်၊ မြန်မာပြည်က သံဃာ့အဖွဲ့အစည်းက ရဟန်းမ (ဘိက္ခုနီ) လုပ်တဲ့ဟာကို ၀ိနည်းနဲ့မညီဘူး ဆိုပြီး လက်မခံ။ ပြဿနာတွေတက်။ ဆုံးဖြတ်ချက်တွေချ။ နောက်နိုင်ငံခြားပြန်ထွက်။ အမေရိကရောက်၊ နောက်ဆုံးသူ့သတင်းကြားရတာကတော့ အမေရိကမှာ အိမ်ထောင်ကျသွားပြီဆိုတာပါပဲ။

ဒါတွေ ပြောပြရတာက အခုနေနေတဲ့ နိုင်ငံမှာ တခြားနိုင်ငံက သံဃာတွေနဲ့ဆုံရင်

ရဟန်းမ (ဘိက္ခုနီ) ပြန်လည် ၀တ်ပေးခြင်းကိစ္စအပေါ် မြန်မာရဟန်းတော်တစ်ပါးအနေနဲ့ ဘယ်လိုမြင်သလဲ လို့ မကြာမကြာ အမေးခံရလို့ပါပဲ။

ကိုယ့်အဖြေကတော့ သီလရှင်ပဲ ၀တ်ဝတ်၊ ရဟန်းမပဲ ၀တ်ဝတ်၊ ကိစ္စမရှိပါဘူး။

အဓိကကတော့ အလုပ်လုပ်ဖို့ပဲ။ သီလရှင်အနေအထားထက် ရဟန်းမ အနေအထားနဲ့က သာသနာပြုတဲ့နေရာမှာ ပိုခရီးရောက်တယ်ဆိုရင် ရဟန်းမ ၀တ်ပါ၊ လုပ်ပါ။

သီလရှင်ဝတ်နဲ့လဲ ဒီလောက်ပဲ သာသနာပြုနိုင်တယ်၊ ရဟန်းမ၀တ်နဲ့လဲ ဒီလောက်ပဲ သာသနာပြုနိုင်တယ်ဆိုရင် ဘာပြုလို့ ရဟန်းမ ၀တ်နေမှာလဲ။

သာသနာကို စွမ်းစွမ်းတမံ ထိထိရောက်ရောက် အဆင့်အတန်းမြင့်မြင့် ပြုချင်လို့ 

ရဟန်းမ (ဘိက္ခုနီ) လုပ်ရပါတယ်ဆိုရင်တော့ လက်ခံလို့ရသေး။  အိမ်ထောင်ပြုမှာများဗျာ........

(၇) ရဟန်းမသည် ရဟန်းတော်ကို မည့်သို့သော အကြောင်း ပရိယာယ်နဲ့မှ မဆဲရေး၊ မစွပ်စွဲရ။ ဆဲဆိုလေ့ရှိတဲ့ အမျိုးသမီးတဖြစ်လဲ ရဟန်းမဆိုတော့ ရဟန်းတော်တွေကို ဆဲရေးမိမှာ စိုးရိမ်ပုံပေါက်တယ်။

(၈) ရဟန်းမ စဖြစ်တဲ့အချိန်ကစ၍ ရဟန်းတို့အပေါ်၌ ပြောဆိုခွင့်၊ ဆုံးမခွင့်ကို တားမြစ်ပိတ်ပင်တယ်။ ဒါပေမဲ့ ရဟန်းမတို့အပေါ်၌ ရဟန်းတို့ရဲ့ ပြောဆိုခွင့်၊ ဆုံးမခွင့်ရှိတယ်တဲ့။ ဒါကလဲ အမျိုးသမီးရဟန်းမတွေဘက်က ကြည့်ရင် သဘာဝတော့ သိပ်မကျပါဘူး။

ဘယ်လိုပဲဖြစ်စေ၊ မြတ်စွာဘုရားက အရှင်အာနန္ဒာကြီးကို ဒီအချက် ၈ ချက်ကို မဟာပဇာပတိဂေါတမီတို့ထံ သွားရှင်းပြခိုင်းတယ်။ လိုက်နာဘို့တောင်းဆိုတယ်။

မဟာပဇာပတိဂေါတမီတို့အဖွဲ့ကလဲ ယုံကြည်မှုသဒ္ဓါတရား ထက်သန်နေတဲ့သူတွေဆိုတော့ ကြည်ကြည်ဖြူဖြူပဲ ၀န်ခံဂတိ (၈) ချက်ကို လိုက်နာပါမည်အကြောင်း လျှောက်ထားလိုက်ပါတယ်။ နောက်ဆုံးတော့ မဟာပဇာပတိဂေါတမီတို့အဖွဲ ရဟန်းမတွေ ဖြစ်ကုန်ပါတယ်။ 

အဲ့အချိန်ကစပြီး မြတ်စွာဘုရားသာသနာတော်မှာ ရဟန်း၊ ရဟန်းမ၊ ဥပသက၊ ဥပါသိကာဆိုပြီး ပရိသတ် (၄)ပါးစုံညီလာပါတယ် ရဟန်းမပရိသတ် မြတ်စွာဘုရားမှာ ရရှိလာခြင်းဟာ ရှင်အာနန္ဒာကြီးကြောင့်လို့ပြောရင် မှားမယ်မထင်ပါဘူး။ 

အကယ်၍သာ ရှင်အာနန္ဒာကြီး အလျှောက်မကောင်းခဲ့ရင် ရဟန်းမ ဆိုတာဖြစ်လာမှာ မဟုတ်ဘူး။  မြတ်စွာဘုရားမှာလဲ ပရိသတ် (၃) ပါးထဲ ရှိတော့မှာ။

ဒါ့ကြောင့် မြတ်စွာဘုရားသာသနာမှာ ပရိသတ် ၄ ပါးပြည့်စုံဘို့အတွက် ရှင်အာနန္ဒာကြီးက အဓိကနေရာက ပါဝင်ခဲ့ပါတယ်။ တကယ့်သမိုင်းဝင်ပုဂ္ဂိုလ်ထူးကြီးပါ။

ရည်ညွှန်း၊ စူဠ၀ဂ္ဂပါဠိ စာ - ၄၄၂-၄၄၇

ဆရာတော်ဦးကေလာသ - အမေးအဖြေ

.....................................

 http://www.dhammagarden.com/2011/12/blog-post_25.html

မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

ရဟန်းသံဃာ သာမဏေများ၏အရိပ်နင်းသူများ အပြစ်ရှိ-မရှိ

(ဘဒ္ဒန္တ ၀ါယမသာရ ဖြေဆိုသည်)  

(မေး) ( အရိပ်ကို နင်းခြင်းနှင့် ရှောင်ကွင်းခြင်း)

အရှင်ဘုရား၊ ရဟန်းသံဃာ သာမဏေများတို့ ကဲ့ရဲ့စကား မဆိုပေ။

ရဟန်းသံဃာ သာမဏေများတို့ လမ်းတွင်တွေ့က ဦးခိုက်လေ။

အရိပ်ကိုပင် ဖြတ်ကာမနင်းနဲ့ ရှောင်ကာကွင်းလို့ သွားတော့လေ။

အဲဒါမှ ဗုဒ္ဓဘာသာ ပီသပါတယ်လေ။

ဆိုတဲ့ ကဗျာကို ငယ်ငယ်တုန်းက ရခဲ့ပါတယ်ဘုရား။ ရခဲ့တဲ့အတိုင်းလဲ လိုက်နာပါတယ်။ ဒါပေမဲ့ တချို့လူတွေကတော့ ရဟန်းသံဃာတော်များရဲ့ အရိပ်ကို ဖြတ်နင်းသွားကြပါတယ်။ ထိုသူတို့အား အပြစ်ရှိ-မရှိ အရိပ်တော်ကို နင်းကောင်း-မနင်းကောင်း ဖြေဆိုတော်မူပါဘုရား။

(ဧရာဝတီတိုင်းသား)

(ဖြေ) အရိပ်နှင့်ပတ်သက်၍ ရုက္ခစ္ဆာယာပန္တပသောတံ နိပ္ပတ္တံ န ကပ္ပတိ-၀ိနယသင်္ဂဟပါဌ် ပါဠိအရ ယင်းသည် ဆာယာကို ၀ိဂြိုဟ်ပြုရန်မှာ ဆာဒတီတိ ဆာယာ၊ သဒ္ဒါကျမ်းအလို ၀ိဂြိုဟ်ဝစနတ် ဖုံးလွှမ်းတတ်သော သဒ္ဒတ္ထမြန်မာ ဝေါဟာရကြောင့် ဆာယာ-ဟု တွင်ချေသည်။ ဤသို့ဆိုသော် အရိပ်က အစဉ်သဖြင့် အထက်ကနေ၍ ဖုံးလွှမ်းသည်ဟု ဆိုရမည်။ ဤအကြောင်းကို သုတနုဇာတ်တော်နှင့် စဉ်းစားသင့်၏။ ငါးရာ့ငါးဆယ် သတ္တနိပါတ် သုတနုဇာတ်၌ ဘုရားလောင်း သုတနုလုလင်သည် မင်းကြီးပေးလိုက်သော သန်လျက်၊ ထီး၊ ခြေနင်းတို့ကို ယူ၍ ပညောင်ပင်စောင့် ဘီလူးထံရောက်လျှင် ဘီလူးက ငါ၏ပိုင်မြေကို သင်နင်း၏။ ဒါကြောင့် သင်သည် ငါ၏အစာမှန်သည်ဟု ဆိုသောအခါ သင့်မြေကို ငါမနင်း၊ ငါ့မြေကိုသာ ငါ နင်းသည်။ သင့်ပညောင်ပင်ရိပ်ကို ငါ မခို၊ ငါ့ထီးရိပ်ကိုသာ ငါ ခိုသည်ဟုဆို၏။ ထိုအခါ သုတနုလုလင်ကို ဆင်ခြေမပြိုင် မတတ်နိုင်သောကြောင့် ဘီလူးက အရှုံးပေးရ၍ ၀န်ချရကြောင်း ဆိုပေသည်။

အကယ်၍ လူ့အောက်က အရိပ်ရှိခဲ့အံ့၊ မြေကိုပင် မနင်းသော်လည်း အရိပ်အတွင်းမှာ လူနေချေလျှင် လုလင်မှာ ဆင်ခြေမရ၍ ဘီလူးက ရှုံး၍ လုလင်က နိုင်သည်ကို ထောက်သော် အရိပ်က အထက်ကနေကြောင်း အရိပ်ကို နင်း၍ မရကြောင်း သိသာသည်။ ထို့ကြောင့် အရိပ်ကို ကွင်းရှောင်၍ သွားခြင်းသည် အထူးရိုသေရာရောက်၍ အရိပ်ကို မလွှဲသာ၍ နင်းမိလျှင် အရိပ်ကို နင်းခြင်း မဟုတ်၊ အရိပ်ခိုခြင်းသာဟု နှလုံးသွင်းလျက် ငြိမ်သက်စွာ ရပ်တံ့ပြီး လက်အုပ်ချီလျက် နေရန်သင့်ပေသည်။

 ...........................

http://www.mawluu.com/2010/03/blog-post_3525.html

ကူးယူဖော်ပြသည်။

ပြိတ္တာများ တရားထူး ရနိုင် မရနိုင် နှင့် အသုရကာယ် ဟူသည်


(ဘဒ္ဒန္တ ၀ါယမသာရ ဖြေဆိုသည်) 

(မေး) (ပြိတ္တာများ တရားထူး ရနိုင် မရနိုင်)

တန်ခိုးကြီးသော အဆင့်မြင့် ပြိတ္တာများ တရားအားထုတ်၊ ဥပုသ်စောင့်၊ တရားနာကြသည်ဟု ကြားဖူးပါသည်။ မဂ်ဖိုလ်ရော ရနိုင်ပါသလား။ ဖြေကြားပေးတော်မူပါရန် ရိုသေစွာ လျှောက်ထားပါသည်ဘုရား။

(အရှင်သုမန-ပြည်မြို့)

(ဖြေ)

ပြိတ္တာမျိုးတို့တွင် ၀ိနိပါတိက အသုရာ နှင့် ဝေမာနိကပြိတ္တာ ဟူ၍ခေါ်သော စတုမဟာရာဇ် နတ်မျိုးဝင် ပြိတ္တာများသည် အချို့မှာ အပါယ်ပဋိသန္ဓေစိတ်ဖြင့် ပဋိသန္ဓေနေကြသည်။ အချို့မှာ ဒွိဟိတ်စိတ်ဖြင့် ပဋိသန္ဓေနေကြသည်။ အချို့မှာ မဂ်ဖိုလ်ရနိုင်ခွင့်ရှိသော ဉာဏ်နှင့်ယှဉ်သော တိဟိတ်ပဋိသန္ဓေစိတ်မျိုးဖြင့် ပဋိသန္ဓေနေကြပါသည်။

အပါယ်ပဋိသန္ဓေစိတ်နှင့် ဉာဏ်နှင့်မယှဉ်သော ဒွိဟိတ်စိတ်ဖြင့် ပဋိသန္ဓေနေသော ၀ိနိပါတိက အသုရာနှင့် ဝေမာနိက ပြိတ္တာတို့မှာ မဂ်ဖိုလ်တရားထူးများ မရရှိနိုင်ပါ။ ဉာဏ်နှင့်ယှဉ်သော တိဟိတ်စိတ်ဖြင့် ပဋိသန္ဓေနေသော ၀ိနိပါတိက အသုရာနှင့် ဝေမာနိကပြိတ္တာ တို့မှာမူ တရားနာကြားခွင့်၊ တရားနှလုံးသွင်းခွင့်များ ရခဲ့လျှင် မဂ်ဖိုလ်တရားထူးများ ရရှိနိုင်ပါသည်။

ဥပမာအားဖြင့်-ဓမ္မပဒ၌ လာသော ဝေမာနိကမျိုးဝင် ကာလယက္ခိနီ ဘီလူးမသည် ကလေးမွေးတိုင်း မွေးတိုင်း စားနေသည်။ ထို့နောက် ဘုရားရှင်၏တရား နာရ၍ သောတာပန် တည်လေ၏။ ယက္ခသံယုတ်၌လာသော အာဠာဝက ဘီလူး၊ ပိယင်္ကရမာတာ၊ ပုနပ္ဗသု ဘီလူးများသည်လည်း တရားနာရ၍ မဂ်ဖိုလ်တရားထူးများ ရကြပါသည်။

********************************************************************************

(မေး) (အသုရကာယ် ဟူသည်)

အရှင်ဘုရား၊ ပြိတ္တာကို လူအတော်များများ သိနားလည်ကြသော်လည်း အသုရကာယ်ကို သိနားလည်ခြင်း မရှိပါ။ အသုရကာယ်သည် ပြိတ္တာထက် ပို၍ အဆင့်မြင့်-မမြင့်၊ ဒုက္ခ ပိုသက်သာ-မသက်သာ ၊ အမျှဝေလျှင် ရနိုင်-မရနိုင် နှင့် ၄င်းအကြောင်း သိသင့် သိထိုက်သည်များကို မေတ္တာရှေ့ထား၍ ဖြေကြားပေးတော်မူပါဘုရား။

(ဦးမောင်ဦး-မီးရထား ဆေးပေးခန်း၊ တောင်ငူ)

(ဖြေ)

အမေးရှင်-မေးထားသလို ပြိတ္တာအကြောင်း သိသူတွေ များကြပါသည်။ (ပေတ၀တ္ထုများ ဖတ်ကြည့်ကြပါရန်) အသုရာ၏ အဓိပ္ပါယ်မှာ နတ်များကဲ့သို့ အစိုးရမှု၊ တောက်ပမှု၊ မြူးတူးပျော်ပါးမှုတို့ မရှိသောသတ္တ၀ါဟု စာပေက ဆိုပါသည်။ ဤအဓိပ္ပါယ်မှာ အသုရာအားလုံးကို မခြုံငုံမိဘဲ ဖြစ်နေပါသည်။

ကျမ်းဂန်တို့၌ အသုရာကာယ်သည် နတ်မျိုး၌ ၀င်သော အသုရာ၊ ပြိတ္တာမျိုး၌၀င်သော အသုရာ၊ ငရဲ၌ အကျုံးဝင်သော အသုရာ စသည်ဖြင့် အမျိုးမျိုး ပါဝင်နိုင်သောကြောင့် အသုရကာယ်နှင့် ပတ်သက်၍ နားမလည်ဘဲ ဖြစ်နေကြပါသည်။

(အသုရာ ၅-မျိုး ရှိသည်)

၁။ ဝေပစိတ္တိ အသုရာ (နတ်အသုရာ)

မြင်းမိုရ်တောင်အောက်၌နေသော နတ်အသုရာ၊ တာဝတိံသာနတ်တို့လောက် မရဲရင့် မတောက်ပသော (ဓဇဂ္ဂသုတ်၊ အသုရာ သံယုတ်တို့၌လာသော) သိကြားမင်းနှင့် စစ်ခင်းသည့် ဝေပစိတ္တိ၊ ပဟာရာဒ အစရှိသော အသုရာ နတ်မင်းကြီးတို့ ဖြစ်သည်။

၎င်းအသုရာ နတ်မင်းကြီးတို့သည် တာဝတိံသာ နတ်တို့နှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး ဝေပစိတ္တိ နတ်အသုရာဟု ခေါ်ကြ၏။ တာဝတိံသာနတ်တို့၌ အကျုံးဝင်သော နတ်အသုရာ ဖြစ်သည်။

၂။ ၀ိနိပါတိက အသုရာ (နတ်သေး၊ နတ်မွှား အသုရာ)

သဂါထာဝဂ္ဂ၊ ယက္ခသံယုတ်၌လာသော ဘုမ္မစိုးနတ်ကြီးများကို မှိခိုကပ်ရပ်နေရပြီး တန်ခိုးဣဒ္ဓိပါဒ် နုံ့နဲ့လှသော နတ်ကလေးများကို အထက်နတ်တို့အောက် ယုတ်ညံ့သေးသိမ်ကုန်သောကြောင့် ၀ိနိပါတိကအသုရာဟု ခေါ်ကြ၏။ စတုမာဟာရာဇ်နတ်မျိုး၌ အကြုံးဝင်သောနတ်အသုရာတို့ ဖြစ်၏။

၃။ ဝေမာနိက အသုရာ

ရံခါ နတ်ကဲ့သို့ စည်းစိမ်ခံစားရပြီး ရံခါ ပြိတ္တာကဲ့သို့ ငရဲကဲ့သို့ ဒုက္ခခံစားရသော အသုရာများ ဖြစ်သည်။ ဤဝေမာနိက အသုရာမျိုးမှာ အလွန်တရာ ကျယ်ပြန့်ပါသည်။ ငရဲပြည်က ယမမင်းကြီးများ၊ ပြိတ္တာမျိုးတို့တွင် တန်ခိုးကြီးသော ပြိတ္တာဘုရင်၊ ပြိတ္တာမင်းကြီးများ၊ ငရဲမင်းကြီးများ၊ ငရဲထိန်းများ၊ မိတ္တ၀ိန္ဒကဇာတ်၌ လာသော ပင်လယ်ပြင်၌ ဗိမာန်အမျိုးမျိုးနှင့် ချမ်းသာတလှည့်၊ ဆင်းရဲတလှည့် စံနေရ၊ ခံနေရသော နတ်ပြိတ္တာတို့သည် ဗိမာန်အမျိုးမျိုးနှင့် နေကြသောကြောင့် ဝေမာနိက ပြိတ္တာ အသုရာဟု ခေါ်ကြ၏။ ဝေမာနိက အသုရာတို့သည် စတုမဟာရာဇ်နတ်မျိုး၌ အကြုံးဝင်၏။ (အချို့မှာ တိဟိတ်၊ အချို့မှာ ဒွိဟိတ်၊ အချို့မှာ အဟိတ် ပုဂ္ဂိုလ်ဟု အမျိုးမျိုး ရှိနိုင်၏။)

၎။ လောကန္တရိတ် အသုရာ (ငရဲ အသုရာ)

စကြ၀ဠာ ၃-ခု အဆုံးသတ်နေရာသည် စက်ဝိုင်း ၃-ခုဆုံရာ အကြားအရပ်ကဲ့သို့ ရှိ၏။ အပူရှိန် အလင်းရှောင် မရှိတော့၍ အမှောင်ဆုံး အအေးဆုံး နေရာဖြစ်သည်။ ထိုနေရာကို (လောက+အန္တရ=စကြာဝဠာလောက ၃-ခုတို့၏ အကြားအရပ်) လောကန္တရိတ်ငရဲဟုခေါ်သည်။ ၄င်းနေရာ၌ ဖြစ်ကြကုန်သော သတ္တ၀ါတို့သည် လင်းနို့များကဲ့သို့ စကြာဝဠာနံရံတခုမှ တခုသို့ ပျံသန်း တွယ်ကပ်၍ နေကြကုန်၏။ အစာစားစရာမရှိ၊ တကောင်နှင့် တကောင် အစာအမှတ်ဖြင့် ကိုက်ကြကုန်၏။ ထိုအခါ အလွန်အေးစက်လှသော ရေထဲသို့ ပြုတ်ကျပြီး ဆားခဲရည်ထဲကျသကဲ့သို့ အေးလွန်းသဖြင့် ထိုသတ္တ၀ါများ စိစိညက်ညက် ကြေမွ၍ သေကြရကုန်၏။ ကံမကုန်သမျှ ထပ်ကာထပ်ကာဖြစ်၍ ခံကြရကုန်၏။ ငရဲ၌ အကြုံးဝင်သော အသုရာမျိုးဖြစ်သည်ဟု ဗုဒ္ဓ၀င် အဋ္ဌကထာ၌ လာရှိသည်။

၅။ ပြိတ္တာ အသုရာ

ခန္ဓ၀ိဘင်း အဋ္ဌကထာ၌ ပြိတ္တာအသုရာအဖြစ် ကာလကဉ္စိက အသုရာမျိုးကို ဖော်ပြပါသည်။ ၄င်းပြိတ္တာတို့သည် အလွန်မွတ်သိပ်ဆာလောင်ကြသည်။ တချို့အသုရာတို့သည် ဘုရား နှစ်ဆူ သုံးဆူ ပွင့်သော်လည်း တကြိမ်မျှ မစားမသောက်ကြရကြောင်း သိရသည်။

ကာလကဉ္စိက အသုရာတယောက်သည် ညဥ့်အခါ ရေငတ်သဖြင့် ဂင်္ဂါမြစ်တွင်းသို့ ဆင်းရာ မြစ်ရေများ ခန်းခြောက်ပြီး မီးခိုးများသာ ထလာသောဟူ၏။ တညလုံး ပြေးလွှား၍ ရေရှာသော်လည်း မရရှိဘဲ နံနက်မိုးလင်းသောအခါ ဆွမ်းခံကြွလာသော ရဟန်းသုံးကျိပ်တို့မြင်၍ အကျိုးအကြောင်း မေးမြန်းသိရှိရသော အခါ သဲသောင်ပြင်မှာ ပက်လက်နေစေပြီး ရဟန်းသုံးကျိပ်တို့ သပိတ်ကိုယ်စီဖြင့် ရေခပ်၍ ပါးစပ်ထဲ လောင်းထည့်သော်လည်း လည်ချောင်းတွင်းသို့ ရေ တစက်မျှ မ၀င်ဟု သိရသည်။

အပါယ် ၄-ဘုံ၌ ပါဝင်သော အသုရကာယ်ဟူသည်မှာ ယခု နံပါတ် ၅-အမျိုးအစား ပြိတ္တာအသုရာများနှင့် နံပါတ် ၃-အမျိုးအစား ဝေမာနိက အဟိတ်အသုရာများကို ယူသင့်ပါသည်။ ဒုက္ခပိုကြီး-မကြီးကိုတော့ ဦးမောင်ဦး စဉ်စားနိုင်လောက်ပြီဟု ယူဆပါသည်။ အမျှဝေလို့ သိနိုင်၊ ကြားနိုင်မည်ဆိုလျှင် သာဓုခေါ်၍ ဒုက္ခမှ ကျွတ်လွတ်နိုင်ပါသည်။

(ပရမတ္တသံခိပ် ဋီကာနှင့် သင်္ဂြိုဟ်ဘာသာဋီကာ တို့ကို မှီးပါသည်)။

...........................

http://www.mawluu.com/2010/03/blog-post_3525.html

ကူးယူဖော်ပြသည်..။

 

Blogger news

Blogroll

About